SSJAC ရဲ့ သတိပေးမှုကို MNDAA တပ်ဖွဲ့က တန်ပြန်ရှုတ်ချ
၁၀၂၇ စစ်ဆင်ရေးအပြီး ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ကိုးကန့်တပ်ဖွဲ့ MNDAA က ဒေသခံတွေရဲ့ ဘာသာစာပေ၊ ယာဉ်ကျေးမှုသမိုင်းတွေနဲ့ မြေယာပိုင်ဆိုင် မှု တွေအပေါ် အတင်းအကျပ် ပြောင်းလဲနေတာကို ရပ်တန့်ဖို့အတွက် ရှမ်းပြည်ပူး ပေါင်း ဆောင်ရွက်ရေးကော်မတီ (SSJAC) ရဲ့ အောက်တိုဘာလ ၂၃ ရက်နေ့ ထုတ် ပြန်တောင်းဆိုချက်အပေါ် MNDAA ဘက်က ဒီနေ့မှာ ပြန်လည်ကန့် ကွက် လိုက်ပါတယ်။
SSJAC ဘက်က စွပ်စွဲချက်တွေဟာ အခြေအမြစ်မရှိဘဲ လူမျိုးရေးပဋိပက္ခများ ကို ပိုဖြစ်စေတယ်လို့ MNDAA တပ်ဖွဲ့က SSJAC ကို ဒီနေ့မှာ အိတ်ဖွင့်ပေး စာ ပေးပို့ပြီး ပြန်လည်တုံ့ပြန်ခဲ့တာကို တွေ့ရပါတယ်။
ကိုးကန့်အထူးဒေသ (၁) အတွင်းမှာ အင်္ဂလိပ်စာပေကို သူငယ်တန်းကနေစပြီး သင်ကြားပေးနေပြီး တရုတ်စာပေကိုတော့ မဖြစ်မနေ သင်ရမယ်လို့ သတ်မှတ် ထားတာမရှိဘူးလို့ MNDAA က ဆိုပါတယ်။
တအာင်းနဲ့ ရှမ်းတိုင်းရင်းသားတွေ အများစုရှိတဲ့ ကျေးရွာတွေမှာတော့ တအာင်းနဲ့ ရှမ်းဘာသာစာပေများကို သင်ယူခွင့်ပြုထားတယ်လို့ MNDAA ရဲ့ အိတ်ဖွင့်ပေးစာမှာ ဖော်ပြထားပါတယ်။
မြေယာပိုင်ဆိုင်ခွင့်မှာလည်း မြန်မာနိုင်ငံသားဖြစ်သူတွေနဲ့ အထူးဒေသ (၁) မှတ်ပုံတင်ကိုင်ဆောင်သူတွေကို သေချာစိစစ်ပြီးမှသာ ခွင့်ပြုတာကြောင့် နိုင်ငံခြားသားတွေ မြေယာပိုင်ဆိုင်မယ်ဆိုတာ မဟုတ်ဘူးလို့ MNDAA က ငြင်းဆိုပါတယ်။
MNDAA က ရှမ်းတိုင်းရင်းသားအများစုရှိတဲ့ သိန္နီကို မူပန်လို့ အမည်ပြောင်းခဲ့ ပြီး ရှမ်းကျေးရွာဆိုင်းဘုတ်တွေကို ဖျက်ဆီးခဲ့တဲ့အပေါ် ဒေသခံတွေနဲ့ SSJAC က ပြင်းပြင်း ထန်ထန် ကန့်ကွက်ထားတာပါ။
MNDAA ဘက်ကတော့ သမိုင်းဝင်မြို့ရွာအမည်တွေကို အတင်းအကျပ် ပြောင်း လဲတာမရှိဘဲ ကိုးကန့်အုပ်ချုပ်ရေးအတွက် အဆင်ပြေအောင်သာ အမည်တွဲ ခေါ်တာ ဖြစ်တယ်လို့ တုံ့ပြန်ပါတယ်။
လွတ်လပ်စွာပြောဆိုခွင့်နဲ့ပတ်သက်ရင်လည်း ဒေသခံလူထုရဲ့ လွတ်လပ်စွာ ပြော ဆိုခွင့်ကို ဥပဒေဘောင်ကနေ ခွင့်ပြုထားပြီး ကန့်သတ်ထားတာမရှိဘူးလို့ လည်းMNDAA က ဆိုပါတယ်။
SSJAC ရဲ့ ပြောဆိုချက်တွေဟာ မြေပြင်အခြေအနေနဲ့ ကင်းကွာနေပြီး ငြိမ်း ချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးကို ထိခိုက်စေသလို လူမျိုးရေးပဋိပက္ခ တွေ ကိုသာ ဖြစ်စေတာကြောင့် ကန့်ကွက်တယ်လို့ MNDAA က ဆိုပါတယ်။
MNDAA ရဲ့ လုပ်ရပ်တွေကို မရပ်တန့်ရင် ဒေသခံပြည်သူတွေရဲ့ သမိုင်း၊ ယဉ် ကျေးမှု၊ အကျိုးစီးပွား ရပ်တည်ခွင့်ကို ကာကွယ်ဖို့အတွက် နိုင်ငံရေးနှင့် လူမှု ရေးဆိုင်ရာ တုံ့ပြန်မှုတွေကို ပြင်းပြင်းထန်ထန် လုပ်သွားမယ်လို့ SSJAC ရဲ့ ထုတ်ပြန်ချက်ဟာ မှားယွင်းတဲ့စွပ်စွဲချက်ဖြစ်လို့ လက်မခံဘူးလို့ MNDAA က တုံ့ပြန်ပါတယ်။
SSJAC အဖွဲ့ကို ၁၉၉၆ ခုနှစ်မှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) နဲ့ ရှမ်းလက်နက်ကိုင် နှစ်ဖွဲ့တို့ ပူးပေါင်းပြီး ဖွဲ့စည်းခဲ့တာပါ။
အခုလို တင်းမာတဲ့ အခြေအနေတွေအပေါ် အခြေခံပြီး စစ်ပွဲတွေဖြစ်မှာကို ဒေသခံတွေကြားမှာ စိုးရိမ်မှုတွေ ရှိနေကြပါတယ်။
“ရှမ်းလက်နက်ကိုင်အဖွဲ့နဲ့ ကိုးကန့်က မနှစ်ကလည်း နယ်မြေကိစ္စနဲ့ တိုက်ပွဲ ဖြစ်ထားတာ။ အခုလည်း ဒီအခြေအနေတိုင်းဆို တိုက်ပွဲတွေ ပြန်ဖြစ်မလား ကြောက်နေရပြီ” လို့ သီပေါမြို့ခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
၁၀၂၇ တိုက်ပွဲနောက်ပိုင်း ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့တွေကို သိမ်းထား တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ဒေသခံတွေရဲ့ သဘောတူညီချက် မရှိဘဲ မိမိတို့အဖွဲ့ရဲ့ ဘာသာစာပေတွေကို အဓိကထားသုံးတာ၊ ဒေသခံတွေရဲ့ မြေယာတွေမှာ ရွှေနဲ့သတ္တုတူးတာ၊ တရုတ်နိုင်ငံသား ရင်းနှီးမြှုပ်နှံသူတွေကို ခေါ်သွင်းလာတာတွေ ရှိတဲ့အတွက် ဒေသခံတိုင်းရင်းသားတွေနဲ့ မကြာခဏ ပဋိပက္ခဖြစ်လေ့ရှိပါတယ်။