အမြန်လမ်းမောင်းတဲ့ ခရီးသည်တင်ကားတွေအနေနဲ့ ခရီးသည်ပစ္စည်းကလွဲပြီး ကျန်တဲ့ကုန်မတင်ရ
ရန်ကုန် - မန္တလေးအမြန်လမ်းကို သွားလာမယ့် ခရီးသည်တင် Express ကားတွေအနေနဲ့ ခရီးသည်ပစ္စည်းကလွဲပြီး ကျန်တဲ့ကုန်တွေမတင်ဖို့ အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့က သတိပေးလိုက်ပါတယ်။
ခရီးသည်ပစ္စည်းအပြင် ကျန်တဲ့ကုန်ပစ္စည်းတွေတင်တာကို စစ်ဆေးတွေ့ရှိပါက အမြန်လမ်းမကြီး ဥပဒေအရ အရေးယူခံရမယ့်အပြင် အမြန်လမ်းသုံးစွဲခွင့်ပါ ရုပ်သိမ်းမယ်လို့ ဆိုပါတယ်။
ခရီးသည်တင်ကားမှာ ကုန်တင်ပါက ကုန်အလေးချိန်ကြောင့် ယာဥ်ဘီးပေါက်တာ ၊ ဘရိတ်မမိတာ ၊ တိမ်းမှောက်တာတွေ ဖြစ်နိုင်တဲ့အတွက် ခရီးသည်ရဲ့ပစ္စည်းကလွဲပြီး ကျန်တဲ့ကုန်တွေ မတင်ဖို့ သတိပေးတာ ဖြစ်တယ်လို့သိရပါတယ်။
အဲဒီအပေါ် ခရီးသည်တင်ယာဥ်လိုင်းတခုရဲ့ ယာဥ်မောင်းက " ခရီးသည် သီးသန့်တင်ရင် အခုကားခယူတဲ့စျေးနူန်းနဲ့ ဆီစျေးနဲ့ဆိုရင် မကိုက်ဘူး။ ကုန်မတင်ရင်ယာဥ်လိုင်းအရှုံးပေါ်နိုင်တယ်။
တွက်ချေမကိုက်ဘူး။ကားတွေကပုံမှန်ရက်ဆိုရင် လူပြည့်အောင်ဆွဲရတာ နည်းတယ်လေ။ " လို့ မှတ်ချက်ပြုပြောပါတယ်။
ခရီးသည်တင် express ကားတွေအနေနဲ့ က.ည.နကသတ်မှတ်ထားတဲ့ ခရီးသည်ဦးရေအတိုင်းသာတင်ဆောင်ခြင်း၊တာယာ နဲ့ ဘရိတ် ၊ အောက်ပိုင်းစနစ်ကို အမြဲစစ်ဆေးခြင်း ပြုလုပ်ဖို့လည်း သတိပေးထားပါတယ် ။
အောက်တိုဘာ ၂၄ ရက်နေ့ ညနေပိုင်းက ပြင်ဦးလွင် - မန္တလေး အဆင်းလမ်း (၁၉/၃) အနီးမှာ နယူးမန္တလာထွန်းခရီးသည်တင် Express ကားဘရိတ်ပေါက်ပြီး ချောက်ထဲထိုးကျကာ လူသေဆုံးနဲ့ထိခိုက်ဒဏ်ရာရရှိသူများခဲ့တဲ့ ဖြစ်စဥ်အပြီးမှာ အမြန်လမ်းအသုံးပြုတာနဲ့ပတ်သက်ပြီး ခုလိုထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ် ။
ခုလို ထုတ်ပြန်တဲ့အပေါ် ခရီးသွားပြည်သူတွေကတော့ သဘောကျပြီး ထုတ်ပြန်တဲ့အတိုင်း လိုက်နာမှုမရှိတဲ့ စည်းကမ်းဖောက်ဖျက်တဲ့ ကားတွေကို ထိထိရောက်ရောက် အရေးယူပေးဖို့ ပြောဆိုနေပါတယ်။
" ခရီးသည်တင်တဲ့ကားဆိုပေမယ့် နောက်ခန်းမှာ ကုန်တွေအပြည့်တင်တာမျိုးလည်းကြုံဖူးတယ်။ ပစ္စည်းတွေအတင်အချလုပ်လို့ ခရီးကြန့်ကြာတာတွေလည်းရှိတယ်။ကားသမားတွေကတော့ ကုန်မတင်ရင် မကိုက်ဘူးလို့ ပြောကြတာပဲ။ ကျွန်မတို့အခုပေးရတဲ့ ကားခတွေကလည်း မနည်းဘူးလေ။ ခရီးသည်တင်ကားဆိုရင် ခရီးသည်သီးသန့်ပဲ တင်စေချင်တယ်။ကားမောင်းရင်း ဖုန်းပြောတာတွေလည်း အရေးယူဖို့လိုတယ်။ " လို့ ခရီးသွားပြည်သူတယောက်က ပြောပါတယ်။
အမြန်လမ်းပေါ်မှာ ဖြစ်ပွားတဲ့ ယာဥ်တိုက်မှု ၊ တိမ်းမှောက်မှု ၊ မီးလောင်မှုတွေဟာ ယာဥ်မောင်းအိပ်ငိုက်ခြင်းကြောင့်အပြင် သက်တမ်းလွန်တာယာပွင့်ထွက်ခြင်း၊ ပန်းမရှိလို့ လမ်းချော်ခြင်း၊ ဘရိတ်ချို့ယွင်းခြင်း၊သတ်မှတ်မိုင်နူန်းထက် အရှိန်ပိုများပြီးမောင်းခြင်းကြောင့် ဖြစ်ပွားလေ့ရှိတာဖြစ်တယ်လို့ သိရပါတယ်။
၂၀၂၆ ခုနှစ် ဇန်နဝါရီကနေ ဩဂုတ်လကုန်အထိ အမြန်လမ်းမမှာ ယာဥ်မတော်တဆ ဖြစ်ပွားမှုအနေနဲ့ ယာဉ်မတော်တဆမှု ၅၂ မှု ရှိခဲ့ပြီး သေဆုံးသူ ၃၂ ယောက် နဲ့ ထိခိုက်ဒဏ်ရာ ရရှိသူ ၆၃ ယောက် အထိရှိခဲ့တယ်လို့ သိရပါတယ်။