မော်စီတုန်းနှင့်ပတ်သက်သည့် မှတ်ချက်စကားအတွက် အမ်ဘာပေ ပြန်လည်တောင်းပန်ခဲ့ရ

ရီးယဲလ်မက်ဒရစ်နှင့် ပြင်သစ်တိုက်စစ်မှူး အမ်ဘာပေသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံတည်ထောင်သူ မော်စီတုန်းနှင့်ပတ်သက်သည့် မှတ်ချက်စကားအတွက် ပြန်လည်တောင်းပန်ခဲ့ရသည်။

၎င်းက ယင်းစကားကို မစဉ်းစားမဆင်ခြင်ဘဲ ပြောဆိုမိခဲ့ကြောင်းလည်း ဝန်ခံခဲ့သည်။

အမ်ဘာပေသည် The Bridge Talk Show အစီအစဉ်တွင် မော်စီတုန်း၏ပုံတွင် သူ့မျက်နှာကို အစားထိုးထားမှုအတွက် ရယ်စရာကောင်းခဲ့ပြီး ယင်းပုံသည် တရုတ်အာဏာရှင်တစ်ဦး ဖြစ်ဖွယ်ရှိသည်ဟု ယူဆကြောင်း ပြောကြားခဲ့ခြင်း
ဖြစ်သည်။

အမ်ဘာပေက ''လတ်တလော အင်တာဗျူးတစ်ခုမှာ ကျွန်တော့်ရဲ့ပုံတစ်ပုံကို တုံ့ပြန်မိခဲ့ပါတယ်။ ကျွန်တော့်ရဲ့မှတ်ချက်စကားက စဉ်းစားဆင်ခြင်မှု မရှိခဲ့ပါဘူး။ အခုတော့ တရုတ်ပြည်က လူအများအပြားနဲ့ ကမ္ဘာ့တစ်ဝန်းက တရုတ်
အဖွဲ့အစည်းအားလုံးကို နာကျင်စေခဲ့တယ်ဆိုတာ ကျွန်တော် နားလည်ခဲ့ပါပြီ။ ကျွန်တော့်ရဲ့စကားအတွက် စိတ်မချမ်းမသာဖြစ်ရတဲ့သူတိုင်းကို တောင်းပန်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ကျွန်တော့်မှာ ရည်ရွယ်ချက် လုံးဝမရှိပါဘူး။
တရုတ်ပြည်သူတွေနဲ့ သူတို့ရဲ့သမိုင်းကြောင်းကို ကျွန်တော် အမှန်တကယ် လေးစားပါတယ်။ ကျွန်တော် ရိုးသားစွာ တောင်းပန်ပါတယ်''ဟု သူ၏လူမှုကွန်ရက်စာမျက်နှာများတွင် ရေးသားခဲ့သည်။

တရုတ်အစိုးရပိုင် CCTV ရုပ်သံက လာလီဂါပွဲများ ပြသမှုကို ရပ်ဆိုင်းထားပြီး အမ်ဘာပေ ပါဝင်သည့် ကြော်ငြာအားလုံးကိုလည်း ဖယ်ရှားပစ်ခဲ့သည်။

လာလီဂါအဖွဲ့ချုပ်ဥက္ကဋ္ဌ တီဘက်စ် ကိုယ်တိုင်လည်း တောင်းပန်ခဲ့ပြီး နှစ်ပေါင်းများစွာ တည်ဆောက်ခဲ့သည့် ဆက်ဆံရေးတစ်ခုကို လူတစ်ဦးတစ်ယောက်၏ ပယောဂကြောင့် ပျက်စီးမခံနိုင်ကြောင်း ပြောကြားခဲ့သည်။

အမ်ဘာပေအား စပွန်ဆာပေးထားသည့် တရုတ်ကုမ္ပဏီများကလည်း လက်တွဲဖြုတ်ကြောင်း ကြေညာထားခဲ့သည်။

image