ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ရေးနှင့် ပို့ကုန်လိုင်စင်ဆိုင်ရာ အခက်အခဲများကို ပို့ကုန်အသင်း ၁၇ သင်းနှင့် တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေး

ပို့ကုန်ကုမ္ပဏီများ၏ ပို့ကုန်လိုင်စင်လျှောက်ထားရယူမှု၊ အမှန်တကယ်တင်ပို့မှုနှင့် ပို့ကုန်ရငွေများ ပြန်လည်ဝင်ရောက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ပို့ကုန်လုပ်ငန်းရှင်အသင်းအဖွဲ့များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) ထံမှ သိရသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာ ၂၁ ရက် မွန်းလွဲပိုင်းတွင် UMFCCI ၌ ကျင်းပခဲ့ပြီး ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူး ဦးအောင်ကျော်ထွန်း၊ UMFCCI အထွေထွေအတွင်းရေးမှူးချုပ် ဒေါ်ခိုင်ခိုင်နွယ်၊ ပို့ကုန်လုပ်ငန်းရှင်အသင်းများနှင့် ညီနောင်အသင်းများမှ တာဝန်ရှိသူများ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် ပို့ကုန်ရငွေများ စိစစ်ကြပ်မတ်ရေးနှင့်ပတ်သက်၍ ပြည်ပသို့ ပို့ကုန်တင်ပို့ရန် လိုင်စင်လျှောက်ထားရယူခြင်း၊ ခွင့်ပြုထားသည့် ပို့ကုန်လိုင်စင်များအတိုင်း အမှန်တကယ်တင်ပို့ခြင်းနှင့် တင်ပို့ပြီးနောက် ကုန်ဖိုးငွေများကို သတ်မှတ်ခွင့်ပြုထားသည့် ဘဏ်ငွေလွှဲစနစ်များမှတစ်ဆင့် ပြန်လည်လက်ခံရရှိမှု အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။
ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူး ဦးအောင်ကျော်ထွန်းက ပို့ကုန်ရငွေများ ပြန်လည်ဝင်ရောက်ရေးတွင် အခက်အခဲရှိသည့် ကုမ္ပဏီများအနေဖြင့် သက်ဆိုင်ရာအသင်းအဖွဲ့များမှတစ်ဆင့် ပွင့်လင်းစွာတင်ပြဆွေးနွေးကြရန် တိုက်တွန်းခဲ့ပြီး ပို့ကုန်ရငွေ ပြန်လည်ပေးသွင်းခြင်းမရှိသည့် ကုမ္ပဏီများကိုလည်း ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်နေကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် UMFCCI အထွေထွေအတွင်းရေးမှူးချုပ် ဒေါ်ခိုင်ခိုင်နွယ်က ပို့ကုန်ရငွေများ ပြန်လည်ဝင်ရောက်ရေးအတွက် နေပြည်တော်နှင့် ရန်ကုန်တို့တွင် အစည်းအဝေးများ အကြိမ်ကြိမ်ပြုလုပ်ခဲ့ပြီး ပို့ကုန်အသင်းအဖွဲ့များကလည်း ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။
ပို့ကုန်ရငွေများ ပြန်လည်ပေးသွင်းရာတွင် လုပ်ငန်းရှင်အချို့အနေဖြင့် အခက်အခဲများရှိနေသဖြင့် ယခုအစည်းအဝေးတွင် တက်ရောက်လာသည့် အသင်းအဖွဲ့များအနေဖြင့် ကြုံတွေ့နေရသည့် အခက်အခဲများကို ပွင့်လင်းစွာတင်ပြဆွေးနွေးပြီး ဖြေရှင်းနိုင်မည့်နည်းလမ်းများကို အတူတကွရှာဖွေကြရန်လည်း တိုက်တွန်းခဲ့သည်။
ယင်းနောက် တက်ရောက်လာသည့် ပို့ကုန်အသင်းအဖွဲ့များမှ တာဝန်ရှိသူများက ပို့ကုန်လိုင်စင်လျှောက်ထားမှုမှစ၍ အမှန်တကယ်တင်ပို့နိုင်မှု၊ ကုန်ဖိုးငွေလွှဲပြောင်းရရှိမှုနှင့် ပို့ကုန်ရငွေများ ပြန်လည်ပေးသွင်းရေးဆိုင်ရာ ကြီးကြပ်ဆောင်ရွက်နေမှုများကို တင်ပြခဲ့ကြပြီး ပို့ကုန်ရငွေ ပြန်လည်ပေးသွင်းခြင်းမရှိသည့် ကိစ္စရပ်များအပေါ် အကြံပြုဆွေးနွေးခဲ့ကြကြောင်း သိရသည်။

image