5 ရက် - ဘာသာပြန်ပါ။

မွန်ပြည်နယ်ရှိ စစ်ဆေးရေးဂိတ်များတွင် တရားမဝင်ဂိတ်ကြေးကောက်ခံမှု ပပျောက်ရေး လွှတ်တော်တွင် မေးမြန်း

မွန်ပြည်နယ်အတွင်းရှိ စစ်ဆေးရေးဂိတ်များတွင် တရားမဝင်ဂိတ်ကြေး ကောက်ခံနေမှုများ ပပျောက်ရေး ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိနှင့်ပတ်သက်ပြီး တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ၁၉ ရက်မြောက်နေ့တွင် ရေးမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြင့်သန်းက မေးမြန်းခဲ့ခြင်းဖြစ်သည်။
အဆိုပါမေးခွန်းအား ငွေကြေးကောက်ခံမှုများနှင့်ပတ်သက်၍ တိုင်ကြားလာပါက စိစစ်ပြီး တည်ဆဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မင်းသူက ပြန်လည်ဖြေကြားခဲ့သည်။
မွန်ပြည်နယ်အတွင်းရှိ စစ်ဆေးရေးဂိတ်များတွင် နယ်မြေလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တရားမဝင်အကောက်ခွန်မဲ့ ကုန်ပစ္စည်းများ သယ်ဆောင်မှုမရှိစေရေးတို့အတွက် ပူးပေါင်းအဖွဲ့များဖြင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း ဒုတိယဝန်ကြီးက ပြန်လည်ဖြေကြားသည်။
စစ်ဆေးမှုများဆောင်ရွက်ရာတွင် ကုန်စည်စီးဆင်းမှု အဟန့်အတားမဖြစ်စေရေး၊ ငွေကြေးတောင်းခံမှုများ မရှိစေရေးနှင့် ပြည်သူများနှင့် ဆက်ဆံရာတွင် ယဉ်ကျေးပျူငှာစွာ ဆက်ဆံရေးတို့အတွက် ပြည်နယ်အစိုးရအဖွဲ့၊ ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ အုပ်ချုပ်ရေးကော်မတီများနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူအဆင့်ဆင့်က အလေးထားကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ပြောသည်။
ထို့ပြင် ငွေကြေးကောက်ခံမှုများနှင့်ပတ်သက်၍ တိုင်ကြားလာပါက စိစစ်ပြီး တည်ဆဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်အစိုးရအဖွဲ့တို့၏ ပေါင်းစပ်ဖြေကြားချက်များအရ သိရသည်။

image