5 ရက် - ဘာသာပြန်ပါ။

ယူကရိန်း ​စစ်ဘက်သုံး Starlink အင်တာနက်လိုင်း အမြန်နှုန်းလျှော့ချဖို့ အီလွန်မတ်စ်ခ် အမိန့်ပေး

SpaceX တည်ထောင်သူ အီလွန်မတ်စ်ခ်ဟာ ယူကရိန်းတပ်ဖွဲ့တွေ အသုံးပြုနေတဲ့ စစ်ဘက်သုံး Starlink အင်တာနက်လိုင်းရဲ့ အမြန်နှုန်းကို လျှော့ချဖို့ အမိန့်ပေးခဲ့ကြောင်း Wall Street Journal (WSJ) ရဲ့ သတင်းအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဒီကိစ္စကြောင့် ယူကရိန်းမှာ အတော်အထိတ်တလန့်ဖြစ်သွားခဲ့ပါတယ်။
​ဒီအခြေအနေကို သိရှိထားတဲ့ အမေရိကန်အရာရှိတွေက WSJ ကို ပြောကြားရာမှာ မတ်စ်ခ်ဟာ ယူကရိန်းအသုံးပြုနေတဲ့ Starlink ဂြိုဟ်တုအင်တာနက် အမြန်နှုန်းကို ကန့်သတ်လိုက်တာကြောင့် ယူကရိန်းရဲ့ စစ်ဘက်သုံး ဒရုန်းအချို့ သုံးလို့မရတော့ဘဲ အသုံးမဝင်ဖြစ်သွားခဲ့တယ်လို့ ဆိုပါတယ်။
​အင်တာနက်လိုင်း လျှော့ချလိုက်ကြောင်း လူသိရှင်ကြား ဖြစ်သွားပြီး နာရီပိုင်းအကြာ မတ်စ်ခ်က X မှာ post တင်ခဲ့ရာမှာ "အမြန်နှုန်း ဒါမှမဟုတ် အသုံးပြုမှု ကန့်သတ်ချက်မှန်သမျှကို အမေရိကန်စစ်တပ်နဲ့ နောက်ဆုံးမှာတော့ အမေရိကန်သမ္မတ (POTUS) ကသာ ဆုံးဖြတ်တာဖြစ်တယ်" လို့ ရေးသားခဲ့ပါတယ်။
​အမေရိကန် ကာကွယ်ရေးဝန်ကြီး ပီးတ် ဟက်ဂ်ဆက်သ်ကတော့ "Starlink အနေနဲ့ သူတို့ရဲ့ ဝန်ဆောင်မှုစည်းမျဉ်းတွေနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက်ချပိုင်ခွင့်ရှိတယ်" လို့ ပြောခဲ့ပါတယ်။ ​ဒါ့အပြင် "ကျနော်တို့ဘက်က ဘာညွှန်ကြားချက်မှ ပေးပို့ထားတာမျိုးမရှိပါဘူး" လို့လည်း ဟက်ဂ်ဆက်သ်က ထပ်လောင်းပြောဆိုခဲ့ပါတယ်။
​Starlink အင်တာနက်လိုင်း လျှော့ချခံရပြီးနောက်မှာတော့ ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇယ်လန်စကီးက "အရင်က အင်တာနက်ဝန်ဆောင်မှုမျိုးကို ပြန်မရရင် ယူကရိန်းပြည်သူတွေ သေဆုံးနိုင်တယ်" လို့ ပြောပါတယ်။
အီလွန်မတ်စ်ခ်နဲ့ သမ္မတ ဒေါ်နယ်ထရမ်တို့ နှစ်ဦးစလုံးဟာ မကြာသေးမီ သီတင်းပတ်တွေအတွင်းက ရုရှားရဲ့ ဒီဇယ်ချက်စက်ရုံတွေကို ယူကရိန်းက တိုက်ခိုက်ခဲ့တာနဲ့ ပတ်သက်ပြီး ဒေါသထွက်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ဖူးပြီး၊ သမ္မတထရမ်ကတော့ ဒီတိုက်ခိုက်မှုတွေကြောင့် ရေနံဈေးတက်ရတာလို့ အပြစ်တင်ထားပါတယ်။ သတင်းမှာ ကိုးကားထားတဲ့ သတင်းရင်းမြစ်တွေရဲ့ အဆိုအရ မတ်စ်ခ်နဲ့ ထရမ်တို့ဟာ ပြီးခဲ့တဲ့အပတ်က အင်တာနက်လိုင်း လျှော့ချလိုက်တဲ့ကိစ္စ လူသိရှင်ကြား မဖြစ်မီရော ဖြစ်ပြီးနောက်မှာပါ မတ်စ်ခ်ရဲ့ ဒီဆုံးဖြတ်ချက်အကြောင်း ဆွေးနွေးခဲ့ကြပေမဲ့၊ သမ္မတကတော့ အင်တာနက်လိုင်း လျှော့ချဖို့ သူ့ဘက်က အမိန့်ပေးခဲ့ခြင်းမရှိကြောင်း ငြင်းဆိုထားပါတယ်။

image