ခါဗာစကယ်လီယာ၏ ဒဏ်ရာကို ခွဲစိတ်ကုသမှုခံယူရမည်ဖြစ်ကြောင်း PSG အသင်း အတည်ပြုခဲ့ပြီး ယခုရာသီတွင် ပြန်ကစားနိုင်ဖွယ်မရှိတော့
ဂျော်ဂျီယာလက်ရွေးစင် တောင်ပံကစားသမား ခါဗာစကယ်လီယာသည် ဘာစီလိုနာနှင့်ပွဲတွင် ရရှိခဲ့သော ဒဏ်ရာကို လာမည့်ရက်ပိုင်းအတွင်း ခွဲစိတ်ကုသမှုခံယူရမည်ဖြစ်ကြောင်း PSG အသင်းက အတည်ပြုကြေညာခဲ့သည်။
ခါဗာစကယ်လီယာသည် ဘာစီလိုနာဆယ်ကျော်သက်ကစားသမား ဇာဗီအက်စ်ပတ်နှင့် ဘောလုံးယှဉ်လုရာမှ ညာဘက်ဒူးတွင် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး စမ်းသပ်စစ်ဆေးမှုများအရ ဒူးအရွတ်စုတ်ပြဲသည့် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။
PSG အသင်းက ခါဗာစကယ်လီယာ၏ဒဏ်ရာကို ခွဲစိတ်ကုသမှုခံယူရမည့်အကြောင်းသာ ဖော်ပြခဲ့ပြီး အနားယူရမည့်ကာလကို ဖော်ပြခဲ့ခြင်းမရှိသော်လည်း မီဒီယာများက အနည်းဆုံး(၉)လဝန်းကျင် အနားယူရမည်ဖြစ်၍ ယခုရာသီအတွင်း ပြန်ကစားနိုင်တော့မည်မဟုတ်ကြောင်း ဖော်ပြခဲ့ကြသည်။
PSG အသင်းသည် နိုင်ပွဲဆက်နေသည့် ဘာစီလိုနာအသင်းကို ယင်းပွဲ၌ (၄-၂)ဂိုးဖြင့် အနိုင်ရရှိခဲ့သော်လည်း ခါဗာစကယ်လီယာနှင့်အတူ ဒမ်ဘီလီနှင့် မာကင်ဟို့စ်တို့ ဒဏ်ရာပြဿနာများနှင့် ရင်ဆိုင်ခဲ့ရသည်။
ဒမ်ဘီလီနှင့် မာကင်ဟို့စ်တို့သည် ပေါင်ဒဏ်ရာများ ရရှိခဲ့သည့်အတွက် ရက်သတ္တပတ်အနည်းငယ် အနားယူရမည်ဖြစ်ကြောင်း သိရသည်။