အဝေးသင်တက္ကသိုလ် ဒုတိယအသုတ်စာမေးပွဲများ အောက်တိုဘာ ၂၂ ရက် စတင်မည်
၂၀၂၆ ခုနှစ် အဝေးသင်တက္ကသိုလ် ဒုတိယအသုတ် စာမေးပွဲများကို လာမည့် အောက်တိုဘာ ၂၂ ရက်မှ စတင်ကာ အောက်တိုဘာ ၃၀ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း အဆင့်မြင့်ပညာဦးစီးဌာနထံမှ သိရသည်။
ယခု ဒုတိယအသုတ်တွင် ပထဝီဝင်၊ စိတ်ပညာ၊ အရှေ့တိုင်းပညာ၊ အင်္ဂလိပ်စာ၊ ဥပဒေနှင့် ဒဿနိကဗေဒ စသည့် အထူးပြုဘာသာရပ်များ ပါဝင်မည်ဖြစ်သည်။
ထုတ်ပြန်ထားသည့် စာမေးပွဲအချိန်ဇယားအရ စာမေးပွဲများကို အောက်တိုဘာ ၂၂ ရက်မှ ၃၀ ရက်အတွင်း စာမေးပွဲရက်ပေါင်း ၆ ရက် သတ်မှတ်ကျင်းပသွားမည်ဖြစ်ပြီး သီတင်းကျွတ်ကာလ ရုံးပိတ်ရက်များကို စာမေးပွဲဖြေဆိုရမည့်ရက်များအဖြစ် ထည့်သွင်းသတ်မှတ်ထားခြင်းမရှိကြောင်း သိရသည်။
ဒုတိယအသုတ် စာမေးပွဲများပြီးဆုံးပါက တတိယအသုတ်တွင် ပါဝင်သည့် မြန်မာစာ၊ သမိုင်း၊ စီးပွားရေးပညာနှင့် စီးပွားရေးစီမံခန့်ခွဲမှု အထူးပြုဘာသာရပ်များအတွက် အနီးကပ်သင်တန်းတက်ရောက်ရမည့်ရက်များကို နိုဝင်ဘာ ၂ ရက်တွင် စတင်မည်ဖြစ်ပြီး စာမေးပွဲများကို နိုဝင်ဘာ ၁၆ ရက်မှ ၂၅ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ဒုတိယအသုတ်တွင် ပါဝင်သည့် အဝေးသင်တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် သတ်မှတ်ထားသည့် စာမေးပွဲရက်များနှင့် အချိန်ဇယားကို ကြိုတင်စစ်ဆေးကာ စာမေးပွဲအတွက် လိုအပ်သည့် ပြင်ဆင်မှုများကို အချိန်မီ ဆောင်ရွက်ထားကြရန် လိုအပ်ပါသည်။