ရှမ်းယူနိုက်တက်အသင်း AFC Challenge League ပြိုင်ပွဲ အုပ်စုဒုတိယပွဲအဖြစ် ဘရူနိုင်းကလပ် ကာဆူကာအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်
ရှမ်းယူနိုက်တက်အသင်းသည် ၂၀၂၆-၂၀၂၇ ရာသီ AFC Challenge League ပြိုင်ပွဲ အုပ်စုဒုတိယပွဲအဖြစ် ဘရူနိုင်းကလပ် ကာဆူကာအသင်းနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်ကြောင်း သိရသည်။
ရှမ်းယူနိုက်တက်အသင်းနှင့် ဘရူနိုင်းကလပ် ကာဆူကာအသင်းတို့သည် ယနေ့ (အောက်တိုဘာ ၂၁) ညနေ ၄ နာရီတွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်းတွင် ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။
ရှမ်းယူနိုက်တက်အသင်းသည် ၂၀၂၆-၂၀၂၇ ရာသီ AFC Challenge League ပြိုင်ပွဲကို အုပ်စုအဆင့်မှ တိုက်ရိုက်ကစားခွင့်ရခဲ့ပြီး အုပ်စု (E) တွင် ဖိလစ်ပိုင်ကလပ် မနီလာဒစ်ဂါ၊ တရုတ်တိုင်ပေကလပ် နယူးတိုင်ပေ၊ ဘရူနိုင်းကလပ် ကာဆူကာအသင်းတို့နှင့် ကျရောက်နေလျက်ရှိသည်။
ရှမ်းယူနိုက်တက်အသင်းသည် အုပ်စုပွဲစဉ်များကို အိမ်ရှင်အဖြစ် ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်းတွင် အောက်တိုဘာ ၁၈ ရက်မှ ၂၄ ရက် အထိ လက်ခံကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
ရှမ်းယူနိုက်တက်အသင်းသည် အုပ်စုပထမပွဲအဖြစ် အောက်တိုဘာ ၁၈ ရက်က တရုတ်တိုင်ပေကလပ် နယူးတိုင်ပေအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာ (၁-၁) ဂိုးဖြင့် သရေကျခဲ့သည်။
ယင်းပွဲတွင် နယူးတိုင်ပေအသင်းက ဦးဆောင်ဂိုးရခဲ့ပြီးမှ ရှမ်းယူနိုက်တက်အသင်းက ပြန်လည်ချေပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရှမ်းယူနိုက်တက်အသင်းသည် အုပ်စုလက်ကျန်ပွဲများအဖြစ် အောက်တိုဘာ ၂၁ ရက်တွင် ဘရူနိုင်းကလပ် ကာဆူကာ၊ အောက်တိုဘာ ၂၄ ရက်တွင် ဖိလစ်ပိုင်ကလပ် မနီလာဒစ်ဂါအသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် ၂၀၂၆-၂၀၂၇ ရာသီ AFC Challenge League ပြိုင်ပွဲကို ခြေစစ်ပွဲအဆင့်မှ စတင်ကစားခဲ့ရပြီး ခြေစစ်ပွဲအဆင့်တွင် လာအိုကလပ် အီဇရာအသင်းကို (၂-၁) ဂိုးဖြင့် အနိုင်ရရှိကာ အုပ်စုအဆင့်သို့ တက်ရောက်လာခဲ့ခြင်းဖြစ်သည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် အုပ်စု (D) တွင် အင်ဒိုနီးရှားကလပ် ဘော်နီယို၊ တရုတ်တိုင်ပေကလပ် တိုင်နန်စီးတီးအသင်းတို့နှင့် ကျရောက်နေလျက်ရှိသည်။
အုပ်စု (D) ပွဲစဉ်များကို အင်ဒိုနီးရှားကလပ် ဘော်နီယိုက အိမ်ရှင်အဖြစ် အောက်တိုဘာ ၁၈ ရက်မှ ၂၄ ရက်အထိ လက်ခံကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် အုပ်စုပထမပွဲအဖြစ် အောက်တိုဘာ ၁၈ ရက်က အိမ်ရှင်အင်ဒိုနီးရှားကလပ် ဘော်နီယိုအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာ (ဝ-၂) ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် အုပ်စုလက်ကျန်ပွဲအဖြစ် အောက်တိုဘာ ၂၄ ရက်တွင် တရုတ်တိုင်ပေကလပ် တိုင်နန်စီးတီးအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
အာရှဘောလုံးအဖွဲ့ ချုပ် (AFC) သည် ၂၀၂၆-၂၀၂၇ ရာသီ AFC Challenge League ပြိုင်ပွဲကို အောက်တိုဘာ ၂၄ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး အုပ်စုအဆင့်ကို အရှေ့အာရှဇုန်နှင့် အနောက်အာရှဇုန်ဟူ၍ ဇုန်နှစ်ဇုန်ခွဲပြီး လေးသင်း ငါးအုပ်စုဖြင့် ကျင်းပပြုလုပ်နေလျက်ရှိသည်။