အင်ဖန်တီနိုအား အဓိကစာရွက်စာတမ်းများ ထုတ်ပြန်ရန် UEFA နှစ်ပတ်အချိန်ပေးထား

ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)က ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA)နှင့် ဥက္ကဋ္ဌ အင်ဖန်တီနိုအား အဓိကစာရွက်စာတမ်းများ ထုတ်ပြန်ရန်နှင့် အုပ်ချုပ်မှု၊ ဆုံးဖြတ်ခြင်းဆိုင်ရာကိစ္စများနှင့် ဆက်စပ်သည့် မေးခွန်းအားလုံး ဖြေကြားရန်
ရက်သတ္တပတ် နှစ်ပတ် အချိန်ပေးခဲ့သည်။

UEFA က FIFA အား နိုဝင်ဘာလ ၂ ရက် နောက်ဆုံးထားဖြေရှင်းရန် တောင်းဆိုထားခြင်းဖြစ်သည်။

ပြီးခဲ့သည့်ကြာသပတေးနေ့က ပြုလုပ်ခဲ့သော FIFAကောင်စီအစည်းအဝေးတွင် ဥက္ကဋ္ဌ အင်ဖန်တီနိုက ကမ္ဘာ့ဖလားပြိုင်ပွဲအပါအဝင် မေဂျာပြိုင်ပွဲများအား ရှယ်ယာပိုင်အဖြစ်ပြုလုပ်မည့်ကိစ္စအတွက် ပြန်လည်တောင်းပန်ခဲ့သည်။

သို့သော် ယင်းအဆိုပြုချက်အတွက် မည်သို့ရေးဆွဲခဲ့သည်ကို အပြည့်အစုံ ရှင်းလင်းဖော်ပြရန် ပျက်ကွက်ခဲ့သည်။

BBC Sport မှ တွေ့မြင်ခဲ့သည့်စာတွင် UEFA အထွေထွေအတွင်းရေးမှူး သီယိုဒေါ်ရီဒစ်က FIFA အနေဖြင့် အခြေခံကျသော မေးခွန်းများစွာကို ဖြေကြားခြင်းမရှိကြောင်း ပြောကြားခဲ့သည်။

ယင်းစာတွင် Fifa Forward Enterprise (FFE) ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတည်ထောင်မှု၊ Fifa Peace Prize ဆုနှင့် အမေရိကန်တိုက်စစ်မှူး ဘာလိုဂန်၏ အနီကတ်ပြစ်ဒဏ်အား ဆိုင်းငံ့ပေးမှုများအား ဖြေရှင်းချက်ပေးရန် တောင်းဆိုထားပြီး
မေးခွန်းပေါင်း ၄၂ ခုနှင့် စာမျက်နှာ ရှစ်မျက်နှာ ပါရှိသည်။

UEFA သည် FIFA အနေဖြင့် နောက်ဆုံးရက်အမီ မဖြေရှင်းလျှင် မည်သို့ဆက်လက်လုပ်ဆောင်မည်ကိုမူ မဖော်ပြထားကြောင်း သိရသည်။

သို့သော် လာမည့်မတ်လတွင် ပြုလုပ်မည့် FIFA ဥက္ကဋ္ဌရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်း စာရင်းပိတ်မည့် နိုဝင်ဘာလ ၁၈ ရက်အထိ အင်ဖန်တီနိုအား ဖိအားပေးမှုများ ဆက်လက်လုပ်ဆောင်မည်ဟု မျှော်လင့်ရသည်။

FIFA ဒုဥက္ကဋ္ဌနှင့် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဖြစ်သူ ဒက်ဘီဟျူးဝစ်က အင်ဖန်တီနိုသည် မေးခွန်းများကို ဖြေကြားခြင်းမရှိကြောင်း၊ FIFA ဥက္ကဋ္ဌရာထူးနှင့် သင့်တော်သူမဟုတ်ကြောင်း ဝေဖန်ခဲ့သည်။

image