ဝန်ကြီးဌာနပေါင်းစုံ ပြေး ခုန်ပစ်ပြိုင်ပွဲတွင် ကျန်းမာရေးဝန်ကြီးဌာနက ဆုတံဆိပ် ၇ ခုရရှိပြီး အဆင့် ၆ နေရာ၌ ရပ်တည်
နေပြည်တော်၊ အောက်တိုဘာ ၁၈
၂၀၂၆ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ ပြေး ခုန်ပစ်ပြိုင်ပွဲတွင် ကျန်းမာရေးဝန်ကြီးဌာနကိုယ်စားပြု အားကစားသမားများက ငွေတံဆိပ် ၃ ခုနှင့် ကြေးတံဆိပ် ၄ ခု စုစု ပေါင်း ဆုတံဆိပ် ၇ ခု ရရှိခဲ့ပြီး ဝန်ကြီးဌာနများအနက် အဆင့် ၆ နေရာ၌ ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲတွင် ကျန်းမာရေးဝန်ကြီး ဌာနမှ အမျိုးသား ၁၈ ဦး၊ အမျိုးသမီး ၅ ဦး စုစုပေါင်း ၂၃ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြေးခုန်ပစ်ပြိုင်ပွဲ ၂၄ မျိုးအနက် ၁၉ မျိုးတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ်သည်။
ကျန်းမာရေးဝန်ကြီးဌာနအတွက် ငွေတံဆိပ်ဆုများကို အမျိုးသား မီတာ ၈၀၀ အပြေးပြိုင်ပွဲ၊ မီတာ ၁၁၀ တန်းကျော်အပြေးပြိုင်ပွဲနှင့် မီတာ ၄၀၀ တန်းကျော်အပြေးပြိုင်ပွဲတို့တွင် ရရှိခဲ့သည်။
ကြေးတံဆိပ်ဆုများကို အမျိုးသမီး ၂၀ ကီလိုမီတာ လမ်းလျှောက်ပြိုင်ပွဲ၊ အမျိုးသား မီတာ ၁၀၀ နှင့် မီတာ ၄၀၀ လက်ဆင့်ကမ်းအပြေးပြိုင်ပွဲများ၊ မီတာ ၁၅၀၀ အပြေးပြိုင်ပွဲတို့တွင် ရရှိခဲ့ခြင်းဖြစ်သည်။
ဆုရအားကစားသမားများနှင့် နည်းပြများကို ဂုဏ်ပြုသည့်အခမ်းအနားကို အောက်တိုဘာ ၁၇ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပြီး ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာ တင်ထွန်းနှင့် တာဝန်ရှိသူများက ဆုများနှင့် အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။