M League-2 ပြိုင်ပွဲ ပွဲစဉ် (၁)တွင် တက္ကသိုလ်၊ ရာမည၊ နေပြည်တော်၊ ရွိုင်ရယ်ဒဂုံနှင့် ရခိုင်ယူနိုက်တက်အသင်းတို့ နိုင်ပွဲများကိုယ်စီရရှိ
၂၀၂၆-၂၀၂၇ ရာသီ M League-2 ပြိုင်ပွဲကို အောက်တိုဘာ ၁၅ ရက်က စတင်ကျင်းပခဲ့ပြီး ပွဲစဉ် (၁) တွင် တက္ကသိုလ်အသင်း၊ ရာမညယူနိုက်တက်အသင်း၊ နေပြည်တော်အသင်း၊ ရွိုင်ရယ်ဒဂုံအသင်းနှင့် ရခိုင်ယူနိုက်တက်အသင်းတို့ နိုင်ပွဲများကိုယ်စီရရှိခဲ့ကြောင်း သိရသည်။
ယခုရာသီ M League-2 ပြိုင်ပွဲ ပွဲစဉ် (၁) ကို အောက်တိုဘာ ၁၅၊ ၁၆၊ ၁၇ ရက်များ ကျင်းပပြုလုပ်ခဲ့ပြီး ပွဲစဉ် (၁) တွင် တက္ကသိုလ်အသင်းက Elite Kings အသင်းကို (၉-ဝ) ဂိုး၊ ရာမညယူနိုက်တက်အသင်းက Asian Lion အသင်းကို (၃-၁) ဂိုး၊ VUE နေပြည်တော်အသင်းက မနောအသင်းကို (၂-၁) ဂိုး၊ ရွိုင်ရယ်ဒဂုံအသင်းက Enjoy Brother အသင်းကို (၃-၁) ဂိုး၊ ရခိုင်ယူနိုက်တက်အသင်း က Junior Lions အသင်းကို (၁-ဝ) ဂိုးတို့ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပွဲစဉ် (၁)တွင် သရေပွဲမရှိခဲ့ဘဲ အရှုံးအနိုင်ရလဒ်များ အားလုံးထွက်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ပွဲစဉ် (၁) အပြီးတွင် တက္ကသိုလ်အသင်း၊ ရွိုင်ရယ်ဒဂုံအသင်း၊ ရာမညယူနိုက်တက်အသင်း၊ VUE နေပြည်တော်အသင်းနှင့် ရခိုင်ယူနိုက်တက်အသင်းတို့မှာ ရမှတ်သုံးမှတ်စီရရှိခဲ့ပြီး အမှတ်ပေးဇယားထိပ်ပိုင်းနေရာများတွင် အပြိုင်ဖြစ်နေလျက်ရှိသည်။
ယင်းအသင်းများထဲတွင် တက္ကသိုလ်အသင်းမှာ ဂိုးကွာခြားချက်အသာဖြင့် အမှတ်ပေးဇယားထိပ်ဆုံးနေရာတွင် ဦးဆောင်နေလျက်ရှိကြောင်း သိရသည်။ ယခုရာသီ ပြိုင်ပွဲကို ရန်ကုန်မြို့ရှိ YUSC ကွင်း၊ ပဒုမ္မာကွင်း၊ တက္ကသိုလ်ကွင်းတို့တွင် ကျင်းပပြုလုပ်သွားရန် စီစဉ်ထားကြောင်း သိရသည်။ ယခုရာသီ M League ပြိုင်ပွဲမှ ပွဲစဉ်များအားလုံးကို နေ့လည် ၃ နာရီခွဲအချိန်များတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ယခုရာသီ M League ပြိုင်ပွဲ ပထမအကျော့ကို အောက်တိုဘာ ၁၅ ရက်မှ လာမည့်ဒီဇင်ဘာ ၁၃ ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။ M League ကော်မတီသည် ယခုရာသီ M League-2 ပြိုင်ပွဲကို ပြီးခဲ့သည့်ရာသီ MNL ပြိုင်ပွဲမှ တန်းဆင်းလာသည့် ရခိုင်ယူနိုက်တက်နှင့် ရာမညယူနိုက်တက်အသင်းအပါအဝင် တက္ကသိုလ်အသင်း၊ မနောအသင်း၊ ရွိုင်ရယ်ဒဂုံအသင်း၊ Enjoy Brother အသင်း၊ VUE နေပြည်တော်အသင်း၊ Elite Kings အသင်း၊ Asian Lion အသင်း၊ Junior Lions အသင်း ၁၀ သင်းဖြင့် ကျင်းပနေသည်။
ယင်းအသင်းများထဲတွင် Enjoy Brother အသင်း၊ Elite Kings အသင်းနှင့် Asian Lion အသင်းများမှာ ပြီးခဲ့သည့် ၂၀၂၆. M League-2 တန်းတက်ခွင့်ပြိုင်ပွဲဝင်အသင်းများဖြစ်ကြောင်း သိရသည်။
ယခုအခါ Happy Friendship အသင်းသည် VUE နေပြည်တော်၊ ကချင်ယူနိုက်တက်အသင်းသည် မနော၊ Glory Goal အသင်းသည် ရွိုင်ရယ်ဒဂုံအသင်းအမည်များဖြင့် ပြောင်းလဲကာ M League-2 ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်နေသည်။