Myanmar Women's League ပြိုင်ပွဲ ဒုတိယအကျော့ ယနေ့ စတင်မည်ဖြစ်ပြီး ဧရာ၀တီနှင့် ရတနာပုံ၊ ရန်ကုန်ယူနိုက်တက်နှင့် ရှမ်းယူနိုက်တက်အသင်း တွေ့ဆုံ

၂၀၂၆-၂၀၂၇ ရာသီ Myanmar Women's League ပြိုင်ပွဲ ဒုတိယအကျော့ကို ယနေ့ (အောက်တိုဘာ ၁၉) စတင်မည်ဖြစ်ပြီး ပွဲစဉ် (၁၀) တွင် လက်ရှိချန်ပီယံ ဧရာ၀တီအသင်းနှင့် ရတနာပုံအသင်း၊ ရန်ကုန်ယူနိုက်တက်အသင်းနှင့် ရှမ်းယူနိုက်တက်အသင်းတို့ တွေ့ဆုံနေလျက်ရှိကြောင်း သိရသည်။

၂၀၂၆-၂၀၂၇ ရာသီ Myanmar Women's League ပြိုင်ပွဲ ဒုတိယအကျော့၏ ပထမဆုံးပွဲစဉ်ဖြစ်သည့် ပွဲစဉ် (၁၀) ကို အောက်တိုဘာ ၁၉၊ ၂၀၊ ၂၁ ရက်များတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အောက်တိုဘာ ၁၉ ရက်တွင် စတားစီးတီးကွင်း၌ လက်ရှိချန်ပီယံ ဧရာဝတီအသင်းနှင့် ရတနာပုံအသင်း၊ YUSC ကွင်း၌ ရန်ကုန်ယူနိုက်တက်အသင်းနှင့် ရှမ်းယူနိုက်တက်အသင်းတို့ တွေ့ဆုံနေလျက်ရှိကြောင်း သိရသည်။

အောက်တိုဘာ ၂၀ ရက်တွင် ပဒေသာကွင်း၌ ရန်ကုန်စီးတီးအသင်းနှင့် ISPE အသင်း၊ ပဒုမ္မာကွင်း၌ သစ္စာအားမာန်အသင်းနှင့် မြဝတီအသင်း၊ အောက်တိုဘာ ၂၁ ရက်တွင် ပဒုမ္မာကွင်း၌ ဇွဲကပင်ယူနိုက်တက်အသင်းနှင့် Young Lionesses အသင်းတို့ တွေ့ဆုံနေကြောင်း သိရသည်။

ယခုရာသီ Myanmar Women's League ပြိုင်ပွဲကို အသင်း ၁၀ သင်းဖြင့် ပြီးခဲ့သည့်ဇွန် ၁၅ ရက် မှစ၍ နှစ်ကျော့စနစ်ဖြင့် ကျင်းပသွားမည်ဖြစ်သည်။

Myanmar Women's League ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်နေသည့် အသင်း ၁၀ သင်းမှာ ရှမ်းယူနိုက်တက်အသင်း၊ ISPE အသင်း၊ Young Lionesses အသင်း၊ မြဝတီအသင်း၊ ရန်ကုန်ယူနိုက်တက်အသင်း၊ ရတနာပုံအသင်း၊ ရန်ကုန်စီးတီး အသင်း၊ ဇွဲကပင်ယူနိုက်တက်အသင်း၊ သစ္စာအားမာန်အသင်းနှင့် ဧရာဝတီအသင်းတို့ဖြစ်ကြောင်း သိရသည်။

ယခုရာသီ Myanmar Women's League ပြိုင်ပွဲကို ပထမအကျော့အပြီးဖြစ်သည့် ပွဲစဉ် ၉ အပြီးတွင် ခေတ္တရပ်နားခဲ့သည်။

ပထမအကျော့အပြီးတွင် ISPE အသင်းက ၉ ပွဲကစား၊ ၈ ပွဲနိုင်၊ တစ်ပွဲသရေ၊ ရမှတ် ၂၅ မှတ်ဖြင့် အမှတ်ပေးဇယားထိပ်ဆုံးက ဦးဆောင်နေပြီး လက်ရှိချန်ပီယံဧရာဝတီအသင်းက ရမှတ် ၂၂ မှတ်ဖြင့် ဒုတိယနေရာတွင် ရပ်တည်နေသည်။

အဆင့် ၃ နေရာတွင် ရန်ကုန်ယူနိုက်တက်က ရမှတ် ၁၉ မှတ်၊ အဆင့် ၄ နေရာတွင် ရှမ်းယူနိုက်တက်အသင်းက ရမှတ် ၁၇ မှတ်၊ အဆင့် ၅ နေရာတွင် သစ္စာအားမာန်အသင်းက ရမှတ် ၁၆ မှတ်တို့ဖြင့် အစဉ်လိုက်ရပ်တည်နေကြောင်း သိရသည်။

ဒုတိယအကျော့တွင် ရတနာပုံအသင်းက မန္တလေးမြို့ရှိ ဗထူးကွင်းတွင် အိမ်ကွင်းနှစ်ပွဲ၊ ဧရာဝတီအသင်းက ပုသိမ်မြို့ရှိ ကျောက်တိုင်ကွင်းတွင် အိမ်ကွင်းနှစ်ပွဲ၊ ရှမ်းယူနိုက်တက်အသင်းက တောင်ကြီးမြို့ရှိ ပြည်နယ်အားကစားကွင်းတွင် အိမ်ကွင်းနှစ်ပွဲ ၊ ရန်ကုန်စီးတီးအသင်းက ရန်ကုန်မြို့ရှိ ပဒေသာကွင်းတွင် အိမ်ကွင်းလေးပွဲ လက်ခံကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်ယူနိုက်တက်အသင်းမှာမူ ၎င်းင်းတို့၏ YUSC ကွင်းတွင် အိမ်ကွင်းပွဲများ လက်ခံကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

Photo - AWFC & YWFC

image