ငလျင်ဒဏ်သင့် ဒေသသုံးခုမှ အသေးစား စီးပွားရေးလုပ်ငန်းတွေကို UNDP က ငွေကြေးထောက်ပံ့မယ်
၂၀၂၅ ခုနှစ်အတွင်း လှုပ်ခတ်ခဲ့တဲ့ ငလျင်ဒဏ်ကြောင့် ထိခိုက်ဆုံးရှုံးခဲ့ရတဲ့ နေပြည်တော်၊ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းရှိ အသေးစား စီးပွားရေးလုပ်ငန်းတွေကို ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် (UNDP Myanmar) က ငွေကြေး ထောက်ပံ့မယ်လို့ သိရပါတယ်။
အသေးစား စီးပွားရေးလုပ်ငန်းတွေ ပြန်လည် လည်ပတ်နိုင်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှု ပြန်လည် ရရှိစေရေးအတွက် ရည်ရွယ်ခြင်းဖြစ်ပြီး လာမယ့် အောက်တိုဘာ ၁၉ ရက်၊ ညနေ ၄ နာရီအထိ နောက်ဆုံးထားပြီး လျှောက်ထားနိုင်တယ်လို့ UNDP မှ မနေ့ အောက်တိုဘာ ၁၃ ရက်က အသိပေး ထုတ်ပြန်ထားပါတယ်။
သတ်မှတ်ချက်အနေနဲ့ ငွေကြေးလျှောက်ထားမယ့် အသေးစား စီးပွားရေးလုပ်ငန်းတွေဟာ လုပ်ငန်းလည်ပတ်မှု သက်တမ်း အနည်းဆုံး နှစ်နှစ်ရှိရမှာဖြစ်ပြီး အမျိုးသမီးတွေ၊ လူငယ်တွေနဲ့ မသန်စွမ်းသူတွေ ဦးဆောင်တဲ့ လုပ်ငန်းတွေကို ဦးစားပေး ရွေးချယ်သွားမယ်လို့ သိရပါတယ်။
“အခုရမယ့် အကူအညီက လုပ်ငန်း ပြန်လည်ပတ်နိုင်ဖို့၊ အရင်းအနှီး ပြန်ဖြည့်ဖို့ အများကြီး အထောက်အကူပြုမှာပါ။ ကျွန်တော်တို့ဆီမှာက ဆိုင်တင်မကဘူး၊ ကုန်ကြမ်းတွေပါ အကုန်ပျက်စီးသွားတာ။ ဝန်ထမ်းတွေလည်း အလုပ်လက်မဲ့ဖြစ်ပြီး စားဝတ်နေရေး ခက်ခဲကုန်ကြတယ်။ အခုလို ငွေကြေးအကူအညီ ရမယ်ဆိုရင် ကုန်ကြမ်းတွေ ပြန်ဝယ်နိုင်မယ်၊ ဝန်ထမ်းတွေကိုလည်း အလုပ်ပြန်ပေးနိုင်မယ်” လို့ လက်မှုလုပ်ငန်း လုပ်ကိုင်သူတယောက်က ပြောပါတယ်။
ငလျင်ကြောင့် လုပ်ငန်းသုံးပစ္စည်းတွေ၊ အဆောက်အအုံတွေ ပျက်စီးဆုံးရှုံးမှု အတိုင်းအတာကို မြေပြင်ကွင်းဆင်း စာရင်းကောက်ယူမှုတွေ၊ အကဲဖြတ်မှုတွေနဲ့ စိစစ် ရွေးချယ်မယ်လို့ သိရပြီး မတည်ငွေကြေး တိုက်ရိုက် ထောက်ပံ့ခြင်းနဲ့အတူ နည်းပညာနဲ့ စီမံခန့်ခွဲမှုဆိုင်ရာ အကြံဉာဏ်တွေလည်း ပံ့ပိုးပေးသွားမယ်လို့ သိရပါတယ်။
“လျှောက်ထားလာတဲ့ အသေးစား လုပ်ငန်းရှင်တွေကို ရွေးချယ်ဖို့အတွက် UNDP ရဲ့ စစ်ဆေးရေးအဖွဲ့ကပဲ သေချာစစ်သွားမှာပါ။ ဘယ်လို စစ်ဆေးမယ်ဆိုတာက ခုချိန် အတိအကျ ပြောလို့မရသေးပါဘူး” လို့ UNDP နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
ဒီအစီအစဉ်မှာ လျှောက်ထားခြင်းကနေ ရွေးချယ်ခြင်းအထိ အစီအစဉ်တခုလုံးဟာ အခမဲ့ဖြစ်ကာ ငွေကြေးတစုံတစ်ရာ ပေးဆောင်ဖို့ မလိုဘူးလို့လည်း သိရပြီး ငွေကြေး တောင်းခံမှုတွေရှိရင် UNDP Myanmar ကို ဆက်သွယ် အကြောင်းကြားနိုင်တယ်လို့ အသိပေးထားပါတယ်။
ငွေကြေး ထောက်ပံ့ခြင်း အစီအစဉ်အတွက် လက်ခံနိုင်တဲ့ ဦးရေ အကန့်အသတ် ရှိတာကြောင့် သတ်မှတ်ချက်တွေနဲ့ ကိုက်ညီ၊ ရွေးချယ်ခံရသူတွေကိုသာ ဆက်သွယ် အကြောင်းကြားသွားမှာဖြစ်ကာ အရင် အစီအစဉ်တွေတုန်းက လုပ်ငန်းအမျိုးအစားအလိုက် ကျပ်သိန်း ၄၀ ကနေ သိန်း ၁၀၀ အထိ ထောက်ပံ့ပေးခဲ့မှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။