သဘာဝဘေးဒဏ်ကြံ့ကြံ့ခံနိုင်စွမ်း တည်ဆောက်ရေးကို အမျိုးသားရေးတာဝန်အဖြစ် ဆောင်ရွက်ကြရန် ဒုတိယသမ္မတ ဦးညိုစော တိုက်တွန်း

သဘာဝဘေးဒဏ်ကြံ့ကြံ့ခံနိုင်စွမ်းကို အိမ်ထောင်စုအဆင့်မှ နိုင်ငံတော်အဆင့်အထိ တည်ဆောက်ရေးအတွက် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် မှတ်ယူဆောင်ရွက်ကြရန် ဒုတိယသမ္မတ ဦးညိုစောက တိုက်တွန်းပြောကြားသည်။
အောက်တိုဘာ ၁၃ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၁ (MICC-I) ၌ ကျင်းပသည့် ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အထိမ်းအမှတ်အခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
သဘာဝဘေးဒဏ်ကြံ့ကြံ့ခံနိုင်ရေးအတွက် စွမ်းဆောင်ရည်ပြည့်ဝမှုနှင့် အားလုံးပူးပေါင်းပါဝင်မှုသည် အရေးကြီးကြောင်း၊ အိမ်ထောင်စုတစ်စုချင်းစီမှစတင်၍ နိုင်ငံတော်အဆင့်အထိ အဆင့်ဆင့်ကြိုးပမ်းတည်ဆောက်ရန် လိုအပ်ကြောင်း ဒုတိယသမ္မတက ပြောကြားသည်။
ထို့ပြင် ၂၀၂၅ ခုနှစ် မန္တလေးငလျင်အပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ပိုမိုကောင်းမွန်စွာ ပြန်လည်တည်ဆောက်ခြင်း (Build Back Better) မူဝါဒကို အလေးထားဆောင်ရွက်လျက်ရှိပြီး ငလျင်ဒဏ်ခံနိုင်ရည်ရှိသည့် အဆောက်အအုံများ တည်ဆောက်နိုင်ရန် Myanmar National Building Code 2025 ကို ရေးဆွဲချမှတ်၍ အကောင်အထည်ဖော်လျက်ရှိကြောင်း ပြောကြားသည်။
အခမ်းအနားတွင် ဒုတိယသမ္မတနှင့် ပြည်ထောင်စုဝန်ကြီးများက သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဆောင်းပါး၊ ပန်းချီ၊ Animation ဗီဒီယိုနှင့် လက်ကမ်းစာစောင်ဒီဇိုင်းပြိုင်ပွဲများတွင် ဆုရရှိသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

image