ဟာရီကိန်းကို သက်တမ်းတိုးနိုင်မယ်လို့ ယုံကြည်ကြောင်း ဘိုင်ယန်မြူးနစ်ဥက္ကဋ္ဌ ပြောကြား

ဘိုင်ယန်မြူးနစ်အသင်းဥက္ကဋ္ဌ ဟားဘတ်ဟိုင်နာက အင်္ဂလန်တိုက်စစ်မှူး ဟာရီကိန်းကို သက်တမ်းတိုးနိုင်မယ်လို့ ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။
ဟာရီကိန်း(၃၃ နှစ်)ဟာ ၂၀၂၇ နွေရာသီမှာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး လက်ရှိအချိန်မှာ စာချုပ်သက်တမ်းတိုးဖို့ ဆွေးနွေးမှု ပြုလုပ်နေပါတယ်။
သတင်းတွေအရ ဘိုင်ယန်မြူးနစ်အသင်းက ဟာရီကိန်းကို ၂၀၃၀ ခုနှစ်အထိ သက်တမ်းတိုးဖို့ စီစဉ်နေပြီး သဘောတူညီမှုရရှိဖို့ နီးစပ်နေပြီဖြစ်ကြောင်းလည်း သိရပါတယ်။
''ကျွန်တော် ယုံကြည်မှုအရမ်းရှိပါတယ်။ အမှုဆောင်ချုပ် ဂျန်ဒရီဆန်နဲ့ ဒါရိုက်တာအဖွဲ့ဝင်တွေဆီကနေ ဆွေးနွေးမှုက အရမ်းကောင်းမွန်နေကြောင်း ကျွန်တော် သိထားပါတယ်။ ဟာရီနဲ့ သူ့မိသားစုကလည်း မြူးနစ်မှာ တကယ်အဆင်ပြေနေပါတယ်။ ဒါကြောင့် မကြာခင် သဘောတူညီမှုရရှိလိမ့်မယ်လို့ ကျွန်တော် အရမ်းအရမ်းကို ယုံကြည်မှုရှိပါတယ်'' လို့ ဟားဘတ်ဟိုင်နာက ပြောကြားခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းဟာ ဟာရီကိန်းကို ၂၀၂၃ နွေရာသီမှာ ဘွန်ဒစ်လီဂါရဲ့ စံချိန်တင်ပြောင်းရွှေ့ကြေးဖြစ်တဲ့ ယူရိုသန်း(၁၀၀)+ Add-ons ကြေး ယူရို(၁၀)သန်းနဲ့ ခေါ်ယူပြီး (၄)နှစ်စာချုပ် ချုပ်ဆိုခဲ့တာပါ။
ဟာရီကိန်းက ဘိုင်ယန်မြူးနစ်အသင်းအတွက် ပြိုင်ပွဲစုံ(၁၅၅)ပွဲမှာ (၁၅၂)ဂိုးသွင်းယူပြီး ခြေစွမ်းပြနေတာကြောင့် သက်တမ်းတိုးဖို့ ကြိုးပမ်းနေခြင်းဖြစ်ကြောင်း သိရပါတယ်။

image