ဒီရာသီ ပရီးမီးယားလိဂ်ချန်ပီယံဆုကို အာဆင်နယ်နဲ့ မန်စီးတီးသာ အပြိုင်လုရမယ်လို့ ကာရေဂါ သုံးသပ်

နာမည်ကျော်ဘောလုံးသုံးသပ်သူတစ်ဦးဖြစ်တဲ့ ဂျေမီကာရေဂါက ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲက မြင်းနှစ်ကောင်အပြိုင်ပြေးမယ့် ပြိုင်ပွဲဖြစ်ပြီး ချန်ပီယံဆုကို အာဆင်နယ်နဲ့ မန်စီးတီးသာ အပြိုင်လုရလိမ့်မယ်လို့ သုံးသပ်ခဲ့ပါတယ်။
ပွဲစဉ်(၆)ပွဲ ယှဉ်ပြိုင်အပြီးမှာ မန်စီးတီးအသင်းက ရာနှုန်းပြည့်အနိုင်ရလဒ်နဲ့ ထိပ်ဆုံးမှာ ဦးဆောင်နေပြီး အာဆင်နယ်အသင်းက (၃)မှတ်အကွာနဲ့ ဒုတိယနေရာမှာ ရှိနေပါတယ်။
ထိပ်သီးပြိုင်ဘက်တွေထဲမှာ ချယ်လ်ဆီးက (၁၀)မှတ်၊ လီဗာပူးလ်က (၉)မှတ်၊ မန်ယူက (၆)မှတ်သာ ရရှိထားပြီး စောစောစီးစီး အမှတ်ပြတ်နေတာကြောင့် ကာရေဂါက အခုလို သုံးသပ်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။
''မန်စီးတီးနဲ့ အာဆင်နယ်တို့က အကောင်းဆုံးနှစ်သင်းဖြစ်ပြီး တခြားအသင်းတွေကို တစ်မိုင်လောက်ဖြတ်ထားတယ်ဆိုတာ ကျွန်တော်တို့ သိထားပြီးသားပါ။ ချန်ပီယံဆုအတွက် သူတို့နှစ်သင်းကို တခြားဘယ်အသင်းကမှ အမှန်တကယ်ယှဉ်ပြိုင်နိုင်မယ့်ပုံ မရှိပါဘူး။ ကျွန်တော်တို့က ပွဲတိုင်းကို အရေးပါစေချင်ပေမဲ့ လက်ရှိအချိန်မှာတော့ အဲဒီလို မဖြစ်ပါဘူး'' လို့ ကာရေဂါက ပြောကြားခဲ့ပါတယ်။
လက်ရှိအချိန်မှာ မန်စီးတီးအသင်းက ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ဦးဆောင်နေပေမဲ့ ချန်ပီယံဆုအတွက် အလေးပေးမှုမှာတော့ လက်ရှိချန်ပီယံ အာဆင်နယ်အသင်းက (၈း၁၅)လေးနဲ့ ရေပန်းအစားဆုံးဖြစ်နေကြောင်း သိရပါတယ်။
မန်စီးတီးအသင်းက (၄း၁)လေး၊ ချယ်လ်ဆီးက (၁၂း၁)လေး၊ လီဗာပူးလ်က (၂၂း၁)လေး၊ မန်ယူက (၁ဝဝး၁)လေး သတ်မှတ်ခံထားရပါတယ်။
ကာရေဂါက မန်စီးတီးအသင်းရဲ့ ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်မှု ပြစ်ချက်အတွက် အမြန်ဆုံးပြစ်ဒဏ်ချမှတ်သင့်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

image