7 ရက် - ဘာသာပြန်ပါ။

မိမိဟာ ထာဝရအကောင်းဆုံးကစားသမားတစ်ဦးဖြစ်တယ်လို့ စီရော်နယ်လ်ဒို ဖွင့်ဟ

ပေါ်တူဂီလက်ရွေးစင်အသင်းခေါင်းဆောင်ဖြစ်သူ စီရော်နယ်လ်ဒိုက မိမိဟာ ထာဝရအကောင်းဆုံးကစားသမားတစ်ဦး ဖြစ်တယ်လို့ ဖွင့်ဟခဲ့ပါတယ်။
၎င်းက ကစားသမားဘ၀ ဂုဏ်ယူစရာမှတ်တိုင်သည် သွင်းဂိုး ၁၀၀၀ ပြည့်မြောက်မှုအပေါ် မူတည်မနေကြောင်းလည်း မှတ်ချက်ပေးခဲ့ပါတယ်။
စီရော်နယ်လ်ဒို(၄၁ နှစ်)ဟာ နိုင်ငံတကာရက်သတ္တပတ်ကာလအတွင်း ပေါ်တူဂီအသင်းနည်းပြ ဟော်ဟဲဂျီးဇက်စ်နှင့် အချေအတင်ဖြစ်ပြီးနောက် လက်ရွေးစင်အသင်း
လေ့ကျင့်ရေးစခန်းက ပြန်သွားခဲ့ပြီး ပြီးခဲ့သည့် စနေနေ့မှာ ပေါ်တူဂီဘောလုံးအဖွဲ့ချုပ်က သူ့အား ဆိုင်းငံ့ပြစ်ဒဏ်ချမှတ်ထားကာ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်လျက်နေတာပါ။
၎င်းအနေနဲ့ CNN Portugal နဲ့ ရုပ်သံအင်တာဗျူးမှာ ပြောကြားခဲ့တာဖြစ်တယ်။
''လူတွေက ကျွန်တော် အခု ဘာလုပ်နေသလဲနဲ့ သွင်းဂိုးတွေကို အသိအမှတ်မပြုကြဘူး။ သူတို့က ကျွန်တော် ဂိုး ၁၀၀၀ ပြည့်ဖို့ ဘယ်လောက်လိုအပ်သေးသလဲဆိုတာကိုပဲ စိုးရိမ်ပူပန်နေကြတယ်။ ဒါကို ကျွန်တော် လုံးဝမကြိုက်ပါဘူး။ အရာရာတိုင်းက သဘာဝအတိုင်းပဲ ဖြစ်ပျက်လာရမယ်။ ဂိုးပေါင်း ၉၂၀ ပဲ သွင်းသွင်း၊ ၉၂၅ ပဲ သွင်းသွင်း၊ ၉၃၀ ပဲ သွင်းသွင်း ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်ကတော့ ထာဝရအကောင်းဆုံးကစားသမားတစ်ယောက်ပါ။ ဂိုးတွေသွင်းယူချိန်မှာ ကိန်းဂဏန်းတွေက အဲဒီအတွက် စကားပြောပါတယ်။ ကျွန်တော့်
အနေနဲ့ ဂိုး ၁၀၀၀ သွင်းနိုင်ရင် တကယ်အံ့အားသင့်စရာကောင်းပါတယ်။ ဒါပေမဲ့ ဒီအနေအထားရောက်ဖို့ ကျွန်တော့်အနေနဲ့ ဒီမှာထိုင်ပြီး ပြောနေမှာ မဟုတ်ပါဘူး''လို့ စီရော်နယ်လ်ဒို က ပြောကြားခဲ့သည်။
ဒါ့အပြင် စီရော်နယ်လ်ဒိုက သူ့အား ပြီးပြည့်စုံသောကစားသမားအဖြစ် မသတ်မှတ်သူတွေကိုလည်း လိမ်ညာသူတွေလို့ သမုတ်ခဲ့ပါတယ်။
စီရော်နယ်လ်ဒိုက ''တစ်စုံတစ်ယောက်ဟာ မက်ဆီ၊ ပီလီ သို့မဟုတ် မာရာဒိုနာတို့ကို ပိုနှစ်သက်တယ်ဆိုရင် ဒါက ပုဂ္ဂိုလ်ရေးကိစ္စသာဖြစ်တယ်။ ကျွန်တော် ဒါကို လေးစားပါတယ်။ ဒါပေမဲ့ ခရစ္စတီယာနိုရော်နယ်လ်ဒိုဟာ ပြီးပြည့်စုံသော ကစားသမားမဟုတ်ဘူးလို့ ပြောလာရင် ဒါက လိမ်ညာမှုတစ်ခုသာ ဖြစ်တယ်''လို့ မှတ်ချက်ပြုခဲ့ပါတယ်။
မဟာပြိုင်ဘက် မက်ဆီနဲ့ သူ့ရဲ့အခြေအနေကိုလည်း ၁၉၈၀ ကျော်နဲ့ ၁၉၉၀ ပြည့်နှစ်များက ဖော် မြူလာဝမ်ပြိုင်ပွဲမှာ ထင်ရှားတဲ့ပြိုင်ဘက်တွေဖြစ်ခဲ့တဲ့ အာလန်းပရက်စ်၊ အိုင်တန် ဆန်နာတို့နဲ့ နှိုင်းယှဉ်ပြခဲ့ပါတယ်။
''တစ်ဦးက အခြားတစ်ယောက်ကို အမြဲတမ်းလှုံ့ဆော်ပေးနိုင်ခဲ့တယ်။ ဖော်မြူလာဝမ်းက အာလန်းပရက်စ်နဲ့ အိုင်တန်ဆန်နာတို့လိုပေါ့''လို့ စီရော်နယ်လ်ဒိုက ပြောကြားခဲ့ပါတယ်။
သူ့ရဲ့အနာဂတ်အပေါ် စီရော်နယ်လ်ဒိုက ''မနက်ဖြန်ဘာဖြစ်မလဲဆိုတာ ကျွန်တော် မသိပါဘူး။ ဒါပေမဲ့ တစ်နေ့မှာ စိတ်ဓာတ်တက်ကြွမှု မရှိ စွာနဲ့ ဘောလုံးမကစားချင်ဘဲ အိပ်ရာက ထလာနိုင်ပါတယ်။ ဘာတွေဖြစ်လာမလဲဆိုတာ ကို ကျွန်တော် တကယ်မသိပါဘူး''လို့ တုံ့ပြန်ခဲ့ပါတယ်။

image