မမြရေလှောင်တမံ မြေသားနိမ့်ကျမှုကြောင့် ကျေးရွာ ၅၀ အတွင်း ရေဝင်ရောက်၊ ဒေသခံများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးထား

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်ရှိ မမြရေလှောင်တမံတွင် မြေသားနိမ့်ကျမှုဖြစ်ပွားခဲ့ပြီးနောက် မြန်အောင်နှင့် အင်္ဂပူမြို့နယ်တို့ရှိ ကျေးရွာ ၅၀ အတွင်း ရေဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့သဖြင့် ရေဘေးသင့်ဒေသခံများကို ယာယီကယ်ဆယ်ရေးစခန်းများနှင့် ကုန်းမြင့်နေရာများသို့ ရွှေ့ပြောင်းပေးထားကြောင်း သိရသည်။

အောက်တိုဘာ ၁၀ ရက် နံနက်ပိုင်းက မမြရေလှောင်တမံ၏ တမံပေါင် အလျားပေ ၂၅၀၊ အနံ ၁၀ ပေခန့်ရှိသည့် နေရာတွင် မြေသား ၂၇ ပေခန့် နိမ့်ကျမှုဖြစ်ပွားခဲ့သဖြင့် အရေးပေါ်ရေပိုလွှဲမှတစ်ဆင့် ဆည်ရေများ လျှော့ချလျက်ရှိကြောင်း သိရသည်။

ယင်းအခြေအနေကြောင့် မြန်အောင်နှင့် အင်္ဂပူမြို့နယ်တို့ရှိ ကျေးရွာအုပ်စု ၁၂ အုပ်စုမှ ကျေးရွာ ၅၀ အတွင်း ရေဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့ရာ ရေဘေးသင့်ဒေသခံများကို လုံခြုံရေးအဖွဲ့ဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် လူမှုကူညီရေးအသင်းများက ယာယီရေဘေးကူညီကယ်ဆယ်ရေးစခန်းများနှင့် ကုန်းမြင့်နေရာများသို့ ကူညီရွှေ့ပြောင်းပေးခဲ့ကြောင်း သိရသည်။

ထို့ပြင် ရေဘေးသင့်ဒေသခံများ စားသောက်ရေးအဆင်ပြေစေရန် စားသောက်ဖွယ်ရာများ ပို့ဆောင်ပေးခြင်းနှင့် လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ ပေးအပ်ခြင်းတို့ကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

image