အောက်တိုဘာ ပထမ ၁၀ ရက်အတွင်း ရန်ကုန်-မန္တလေးအမြန်လမ်း၌ ယာဉ်မတော်တဆမှု ၄ ကြိမ်ဖြစ်ပွား၊ အမျိုးသမီးတစ်ဦး ဒ-ဏ်ရာရ
အောက်တိုဘာလ ပထမ ၁၀ ရက်အတွင်း ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်၌ ယာဉ်မတော်တဆမှု လေးကြိမ်ဖြစ်ပွားခဲ့ပြီး အမျိုးသမီးတစ်ဦး ထိခိုက်ဒ-ဏ်ရာရရှိခဲ့ကြောင်း အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့ထံမှ သိရသည်။
အောက်တိုဘာ ၁၀ ရက် မွန်းလွဲ ၂ နာရီခန့်က အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၁၆/၆ နှင့် ၁၁၆/၇ ကြားတွင် နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့ မောင်းနှင်လာသည့် Suzuki Swift မော်တော်ယာဉ်မှာ ယာဉ်မောင်းအိပ်ငိုက်ပြီး အရှိန်မထိန်းနိုင်သဖြင့် လမ်းလယ်ကျွန်းရှိ အရိပ်ရပင်များကို ဝင်တို-က်မိခဲ့ရာ အမျိုးသမီးတစ်ဦး ထိခိုက်ဒ-ဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အလားတူ အောက်တိုဘာ ၉ ရက် မွန်းလွဲပိုင်းက မန္တလေးဘက်မှ ရန်ကုန်ဘက်သို့ မောင်းနှင်လာသည့် မန္တလာမင်း အဝေးပြေးခရီးသည်တင်ယာဉ်သည် မိုင်တိုင်အမှတ် ၃၀၉/၂ နှင့် ၃၀၉/၃ ကြားတွင် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းအတွင်းသို့ ရောက်ရှိရပ်တန့်ခဲ့သော်လည်း ထိခိုက်ဒ-ဏ်ရာရရှိသူ မရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် အောက်တိုဘာ ၈ ရက် နံနက်အစောပိုင်းကလည်း မိုင်တိုင်အမှတ် ၁၆၄/၀ တွင် ရန်ကုန်ဘက်မှ မန္တလေးဘက်သို့ မောင်းနှင်လာသည့် ခြောက်ဘီးကုန်တင်ယာဉ်တစ်စီး ရှေ့ဘီးပေါက်ရာမှ လမ်းလယ်ကျွန်းအတွင်းသို့ ရောက်ရှိရပ်တန့်ခဲ့ကြောင်း သိရသည်။
အောက်တိုဘာ ၄ ရက် မွန်းလွဲပိုင်းကလည်း မိုင်တိုင်အမှတ် ၄၉/၄ နှင့် ၄၉/၅ ကြားတွင် နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့ မောင်းနှင်လာသည့် Toyota Belta မော်တော်ယာဉ်မှာ ရှေ့ဘီးပေါက်ပြီး အရှိန်မထိန်းနိုင်သဖြင့် လမ်းလယ်ကျွန်းရှိ ရေမြောင်းအတွင်းသို့ ရောက်ရှိရပ်တန့်ခဲ့ကြောင်း သိရသည်။
အဆိုပါ ယာဉ်မတော်တဆမှုလေးကြိမ်တွင် ထိခိုက်ဒဏ်ရာရရှိသူ တစ်ဦးရှိခဲ့ပြီး အမြန်လမ်းအသုံးပြုသည့် ယာဉ်မောင်းများအနေဖြင့် ယာဉ်ကြံ့ခိုင်မှုကို စစ်ဆေးရန်၊ သတ်မှတ်အမြန်နှုန်းအတိုင်းသာ မောင်းနှင်ရန်နှင့် ယာဉ်မောင်းနှင်ရာတွင် အထူးဂရုပြုကြရန် အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့က အသိပေးနှိုးဆော်ထားသည်။