ကာကွယ်ရေးဝန်ကြီးအဖြစ် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ကို ခန့်အပ်ရန် ပြည်ထောင်စုလွှတ်တော်သို့ အမည်စာရင်းတင်သွင်း
ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နေရာတွင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ကို ခန့်အပ်ရန် နိုင်ငံတော်သမ္မတရုံးက ပြည်ထောင်စုလွှတ်တော်သို့ အမည်စာရင်းတင်သွင်းထားကြောင်း ယနေ့ အောက်တိုဘာ ၁၂ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှ သိရသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၃၂၊ ပုဒ်မခွဲ (ဂ) နှင့်အညီ ပြည်ထောင်စုဝန်ကြီးများ အပြောင်းအလဲခန့်အပ်နိုင်ရေးအတွက် နိုင်ငံတော်သမ္မတရုံးက အောက်တိုဘာ ၁၀ ရက်တွင် ပြည်ထောင်စုလွှတ်တော်နာယကထံ ပေးပို့ထားသည့် အမည်စာရင်းကို လွှတ်တော်နာယက ဦးအောင်လင်းဒွေးက ဖတ်ကြားတင်ပြခဲ့ခြင်းဖြစ်သည်။
အဆိုပါ အမည်စာရင်းတွင် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ကို ခန့်အပ်ရန် အဆိုပြုထားသည့်အပြင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် အငြိမ်းစားဗိုလ်ချုပ် ကိုကိုလွင်ကို ခန့်အပ်ရန်လည်း အမည်စာရင်းတင်သွင်းထားသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ယခင်ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းမှာ ကျန်းမာရေးဝန်ကြီးဌာနသို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်မည်ဖြစ်သဖြင့် အငြိမ်းစားဗိုလ်ချုပ် ကိုကိုလွင်ကို အစားထိုးခန့်အပ်ရန် အမည်စာရင်းပေးပို့ထားခြင်းဖြစ်ကြောင်း သိရသည်။