13 နာရီ - ဘာသာပြန်ပါ။

ဆန္ဒပြချီတက်မည့်အစီအစဉ်ကြောင့် ဒေလီမြို့ရှိ မြေအောက်ရထားဘူတာရုံ ၆ ခု ပိတ်ထား

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင် မဲဆန္ဒရှင်စာရင်း ပြန်လည်စိစစ်ပြင်ဆင်မှုကို ဆန့်ကျင်သည့် အတိုက်အခံပါတီများက တရားရုံးချုပ်သို့ ချီတက်ဆန္ဒပြရန် စီစဉ်ထားသဖြင့် အောက်တိုဘာ ၁၂ ရက်တွင် မြေအောက်ရထားဘူတာရုံ ခြောက်ခုကို လုံခြုံရေးအရ ပိတ်ထားပြီး ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်နိုင်ကြောင်း အာဏာပိုင်များက သတိပေးထားသည်။

အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီ၏ အာဏာရ ဘာရာတီယာ ဂျနတာပါတီ (BJP) အတွက် အကျိုးရှိစေသည်ဟု ဝေဖန်မှုများရှိနေသည့် မဲဆန္ဒရှင်စာရင်း ပြန်လည်စိစစ်ပြင်ဆင်မှုကို ဆန့်ကျင်ကာ အတိုက်အခံပါတီများနှင့် လူငယ်လှုပ်ရှားမှုအဖွဲ့ဝင်များက ရွေးကောက်ပွဲကော်မရှင်အကြီးအကဲ ဂျီယန်နက်ရှ် ကူးမား ရာထူးမှနုတ်ထွက်ပေးရန် တောင်းဆိုလျက်ရှိကြောင်း သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ယခုလအတွင်း ဆန္ဒပြမှုများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး အာဏာပိုင်များက ဒေလီမြို့တွင်း နေရာ ၂၀ တွင် ယာဉ်ကြောကန့်သတ်မှုများ ပြုလုပ်ရန်လည်း ကြေညာထားသည်။

ပြီးခဲ့သည့်နှစ်က စတင်ခဲ့သော မဲဆန္ဒရှင်စာရင်း ပြန်လည်စိစစ်ရေးလုပ်ငန်းစဉ်အတွင်း မဲဆန္ဒရှင် သန်း ၁၃၀ ကျော်၏ အမည်များကို စာရင်းမှ ပယ်ဖျက်ခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။ ယင်းတို့အနက် သန်း ၃၀ ခန့်မှာ မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုနိုင်ခြင်းမရှိသူများ၊ ၂၈ သန်းမှာ ကွယ်လွန်သူများနှင့် ၆၃ သန်းမှာ နေရပ်ပြောင်းရွှေ့သွားသူများဖြစ်ကြောင်း သိရသည်။

အတိုက်အခံပါတီများကမူ မဲဆန္ဒရှင်စာရင်း ပြန်လည်စိစစ်မှုကြောင့် မွတ်စလင်မဲဆန္ဒရှင်များနှင့် အခြားလူနည်းစုအုပ်စုများ စာရင်းမှ ပယ်ဖျက်ခံရမှု ပိုမိုများပြားခဲ့ကြောင်း စွပ်စွဲထားသော်လည်း ရွေးကောက်ပွဲကော်မရှင်နှင့် အာဏာရ BJP ပါတီတို့က ယင်းစွပ်စွဲချက်များကို ငြင်းဆိုထားသည်။

ပြီးခဲ့သည့် သီတင်းပတ်ကုန်ရက်များအတွင်း ဆန္ဒပြသူ ထောင်ပေါင်းများစွာကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သတင်းတွင် ဖော်ပြထားပြီး ဒေလီမြို့လယ်၌ လုံခြုံရေးတပ်ဖွဲ့ဝင်အများအပြား ချထားကာ ဆန္ဒပြချီတက်မှုများကို တားဆီးခဲ့ကြောင်း သိရသည်။

ရွေးကောက်ပွဲကော်မရှင်က မည်သည့်နိုင်ငံရေးပါတီကိုမျှ ဘက်လိုက်ခြင်းမရှိကြောင်း ပြောကြားထားပြီး မဲဆန္ဒရှင်စာရင်းမှ မှားယွင်းပယ်ဖျက်ခံရသူများအနေဖြင့် ပြန်လည်စာရင်းသွင်းနိုင်ကြောင်း အသိပေးထားသည်။

အာဏာရ BJP ပါတီကလည်း အတိုက်အခံများသည် တရားဝင်ရွေးကောက်ပွဲလုပ်ငန်းစဉ်များကို ဆန့်ကျင်ခြင်းဖြင့် နိုင်ငံ၏ ဒီမိုကရေစီစနစ်ကို ထိခိုက်စေရန် ကြိုးပမ်းနေကြောင်း တုံ့ပြန်စွပ်စွဲထားသည်။

Ref: The Guardian / Reuters

image