တန်းဆင်းအန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ ကိုရင်သီယန်အသင်း ဆီးဒေါ့ဖ်ကို နည်းပြသစ်အဖြစ် ခန့်အပ်
ဘရာဇီးလ်စီးရီးအေပြိုင်ပွဲမှာ တန်းဆင်းအန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ ကိုရင်သီယန်အသင်းဟာ နယ်သာလန်ဂန္ထဝင် ဆီးဒေါ့ဖ်ကို နည်းပြသစ်အဖြစ် ခန့်အပ်လိုက်ကြောင်း သိရပါတယ်။
ကိုရင်သီယန်အသင်းဟာ ပွဲစဉ်(၃၀) ယှဉ်ပြိုင်ကစားအပြီးမှာ တန်းဆင်းဇုန်အထက် အဆင့်(၁၆)နေရာကို ရောက်ရှိနေပြီး အဆင့်(၁၇)နေရာကအသင်းနဲ့ အမှတ်တူဖြစ်နေပါတယ်။
ဘရာဇီးလ်စီးရီးအေပြိုင်ပွဲမှာက အဆင့်(၁၇)ကနေ အဆင့်(၂၀)အထိ အောက်ဆုံး(၄)သင်း တန်းဆင်းရမှာဖြစ်တာကြောင့် ကိုရင်သီယန်အသင်းအနေနဲ့ တန်းဆင်းသွားရနိုင်တဲ့ အန္တရာယ်ရှိနေပါတယ်။
ဒါကြောင့် အောက်တိုဘာ(၇)ရက်မှာ ဘရာဇီးလ်နည်းပြ ဖာနန်ဒိုဒီနစ်ဇ်ကို ရာထူးက ထုတ်ပယ်ခဲ့ပြီးနောက် အောက်တိုဘာ(၁၁)ရက်မှာ ဆီးဒေါ့ဖ်ကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့တာပါ။
အသက်(၅၀)ရှိပြီဖြစ်တဲ့ ဆီးဒေါ့ဖ်ဟာ ၂၀၁၉ ခုနှစ်မှာ ကင်မရွန်းလက်ရွေးစင်နည်းပြရာထူူးကနေ ထုတ်ပယ်ခံခဲ့ရပြီးနောက် (၇)နှစ်ကြာပြီးမှ နည်းပြလောကကို ပြန်လည်ဝင်ရောက်ခဲ့တာပါ။
ဆီးဒေါ့ဖ်ဟာ ကစားသမားဘဝမှာ အောင်မြင်မှုများစွာ ရယူနိုင်ခဲ့ပေမဲ့ နည်းပြဘဝမှာတော့ အောင်မြင်မှုမရရှိသေးပါဘူး။
ကိုရင်သီယန်အသင်းက ဆီးဒေါ့ဖ်ကို ၂၀၂၇ ဒီဇင်ဘာအထိ စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။