မြန်မာ ယူ-၁၇ အသင်း ယနေ့ ဒုတိယမြောက်ခြေစမ်းပွဲအဖြစ် အိန္ဒိယယူ-၁၇ အသင်းနဲ့ ယှဉ်ပြိုင်ကစားမယ်

၂၀၂၇ အာရှဖလား ယူ-၁၇ ပြိုင်ပွဲ ခြေစစ်ပွဲဝင်မယ့် မြန်မာ ယူ-၁၇ အသင်းဟာ ယနေ့တွင် ဒုတိယမြောက်ခြေစမ်းပွဲအဖြစ် အိန္ဒိယယူ-၁၇ အသင်းနဲ့ ယှဉ်ပြိုင်ကစားမှာဖြစ်ကြောင်း သိရပါတယ်။
မြန်မာယူ-၁၇ အသင်းနဲ့ အိန္ဒိယယူ- ၁၇ အသင်းတို့ဟာ ယနေ့ (အောက်တိုဘာ ၇) မြန်မာစံတော်ချိန် နေ့လယ် ၃ နာရီခွဲတွင် ရန်ကုန်မြို့ရှိ သန်လျင်စတားစီးတီးကွင်းမှာ ဒုတိယမြောက်ခြေစမ်းပွဲအဖြစ် ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။
မြန်မာယူ-၁၇ အသင်းနဲ့ အိန္ဒိယယူ-၁၇ အသင်းတို့ဟာ ပြီးခဲ့တဲ့​အောက်တိုဘာ ၄ ရက်က ပထမခြေစမ်းပွဲအဖြစ် ရန်ကုန်မြို့ရှိ သန်လျင်စတားစီးတီးကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ရာတွင် (၁-၁) ဂိုးနဲ့ သရေကျခဲ့ပါတယ်။
ယင်းပွဲတွင် မြန်မာ ယူ -၁၇ အသင်းက ဦးဆောင်ဂိုးသွင်ယူနိုင်ခဲ့သော်လည်း ပယ်နယ်တီဂိုးပြန်ပေးခဲ့ရပြီး သရေကျခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
မြန်မာ ယူ- ၁၇ အသင်းနဲ့ အိန္ဒိယ ယူ- ၁၇ အသင်းတို့ဟာ ပြီးခဲ့တဲ့မတ်လအတွင်းကလည်း ရန်ကုန်မြို့မှာ ခြေစမ်းပွဲနှစ်ပွဲ ယှဉ်ပြိုင်ကစားခဲ့ပြီး ထိုစဉ်က ပထမခြေစမ်းပွဲတွင် အိန္ဒိယ ယူ- ၁၇ အသင်း က (၂-၁) ဂိုးဖြင့် အနိုင်ရခဲ့ပြီး ဒုတိယခြေစမ်းပွဲတွင်မူ ဂိုးမရှိသရေကျခဲ့ကြောင်း သိရပါတယ်။
မြန်မာ ယူ- ၁၇ အသင်းဟာ ပြီးခဲ့တဲ့စက်တင်ဘာ ၁၇ ရက်မှ ၂၁ ရက်အထိ ဂျပန်နိုင်ငံမှာ ကျင်းပခဲ့တဲ့ လေးသင်းပတ်လည် ဖိတ်ခေါ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး တစ်ပွဲနိုင်၊ နှစ်ပွဲရှုံးရလဒ် ရရှိခဲ့ပါတယ်။
မြန်မာ ယူ-၁၇ အသင်းကို ဂျပန်နိုင်ငံသား အမာနိုက နည်းပြချုပ်အဖြစ် တာဝန်ယူကိုင်တွယ်နေကြောင်း သိရပါတယ်။
မြန်မာ ယူ- ၁၇ အသင်းဟာ ၂၀၂၇ အာရှဖလား ယူ- ၁၇ ပြိုင်ပွဲ ခြေစစ်ပွဲတွင် အုပ်စု (A) ၌ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ အာဖဂန်နစ္စတန်၊ ကမ္ဘောဒီးယားအသင်းတို့နဲ့ ကျရောက်နေလျက်ရှိပါတယ်။
အာရှဘောလုံးအဖွဲ့ချုပ် (AFC) ဟာ ၂၀၂၇ အာရှဖလား ယူ- ၁၇ ပြိုင်ပွဲ ခြေစစ်ပွဲကို လာမယ့်နိုဝင်ဘာ ၈ ရက်မှ ၂၀ ရက်အထိ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။
AFC ဟာ ၂၀၂၇ အာရှဖလား ယူ- ၁၇ ပြိုင်ပွဲ ခြေစစ်ပွဲဝင် အသင်း ၃၅ သင်းကို ၅ သင်း ခုနှစ်အုပ်စုခွဲဝေ၍ အုပ်စုတစ်ခုလျှင် အိမ်ရှင်တစ်နိုင်ငံ ရွေးချယ်၍ ကျင်းပပြုလုပ်သွားမှာဖြစ်ကြောင်း သိရပါတယ်။
အုပ်စုတစ်ခုစီမှ ထိပ်ဆုံးရပ်တည်မှုရ အသင်းတစ်သင်းစီ၊ စုစုပေါင်း ခုနှစ်သင်းသာ ခြေစစ်ပွဲအောင်မြင်မှာဖြစ်ကြောင်း သိရပါတယ်။
၂၀၂၇ အာရှဖလား ယူ- ၁၇ ပြိုင်ပွဲကို အိမ်ရှင်အဖြစ် ကျင်းပခွင့်ရ ဥဇဘက်ကစ္စတန်၊ ကာတာ၊ ဂျပန်၊ တရုတ်၊ သြစတြေးလျ၊ တောင်ကိုရီးယား၊ ဆော်ဒီအာရေဗျ၊ တာဂျစ်ကစ္စတန်၊ ဗီယက်နမ်အသင်းကိုးသင်းမှာမူ ခြေစစ်ပွဲဝင်စရာမလိုဘဲ တိုက်ရိုက်ကစားခွင့် ရရှိထားပါတယ်။
၂၀၂၇ အာရှဖလား ယူ- ၁၇ ပြိုင်ပွဲကို တိုက်ရိုက်ကစားခွင့်ရ အသင်းကိုးသင်းနဲ့ ခြေစစ်ပွဲအောင် အသင်းခုနှစ်သင်း၊ စုစုပေါင်း အသင်း ၁၆ သင်းဖြင့် လာမယ့် ၂၀၂၇ ခုနှစ်၊ မေလအတွင်း ဥဇဘက်ကစ္စတန်နိုင်ငံမှာ ကျင်းပသွားမှာဖြစ်ကြောင်း သိရပါတယ်။

image