လာအိုအစိုးရ ခေါင်းဆောင်ပိုင်းအပြောင်းအလဲပြုလုပ်၊ ဝန်ကြီးချုပ်အသစ် ခန့်အပ်

လာအိုနိုင်ငံတွင် ထိပ်တန်းခေါင်းဆောင်ပိုင်း အပြောင်းအလဲပြုလုပ်ခဲ့ပြီး ဒုတိယဝန်ကြီးချုပ်ဟောင်း ဆာလမ်ဆေး ကွမ်မာဆစ်ကို ဝန်ကြီးချုပ်အသစ်အဖြစ် ခန့်အပ်ကာ ဝန်ကြီးချုပ် ဆိုနက်ဆေး ဆီဖန်ဒွန်းကို အမျိုးသားလွှတ်တော်ဥက္ကဋ္ဌအဖြစ် ပြောင်းလဲတာဝန်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါခေါင်းဆောင်ပိုင်း အပြောင်းအလဲကို တနင်္လာနေ့က ကျင်းပသည့် (၁၀) ကြိမ်မြောက် လာအိုအမျိုးသားလွှတ်တော်၏ ဒုတိယအကြိမ် ပုံမှန်အစည်းအဝေးတွင် အတည်ပြုခဲ့ခြင်းဖြစ်သည်။
အစည်းအဝေးသို့ တက်ရောက်ခဲ့သည့် လွှတ်တော်ကိုယ်စားလှယ် ၁၅၈ ဦးစလုံးက ဆာလမ်ဆေး ကွမ်မာဆစ်ကို ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ရန် ထောက်ခံမဲပေးခဲ့ကြပြီး ဆိုနက်ဆေး ဆီဖန်ဒွန်းကို အမျိုးသားလွှတ်တော်ဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်ခဲ့ကြသည်။
ယခုအပြောင်းအလဲသည် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဆေဆမ်ဖုန်း ဖွမ်ဗီဟန်း ဩဂုတ် ၈ ရက်က အသက် ၆၉ နှစ်အရွယ်တွင် ကွယ်လွန်ခဲ့ပြီးနောက် ပေါ်ပေါက်လာခြင်းဖြစ်သည်။ ၎င်းသည် (၁၀) ကြိမ်မြောက် လွှတ်တော်သက်တမ်း စတင်ခဲ့သည့် မတ်လအတွင်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌအဖြစ် ပြန်လည်ရွေးချယ်ခံထားရသူဖြစ်သည်။
ဝန်ကြီးချုပ်အသစ် ဆာလမ်ဆေး ကွမ်မာဆစ်ကို ၁၉၆၈ ခုနှစ်တွင် လာအိုနိုင်ငံ Houaphan ပြည်နယ်၌ မွေးဖွားခဲ့ပြီး ၁၉၈၆ ခုနှစ်မှ ၁၉၉၂ ခုနှစ်အထိ မော်စကို နိုင်ငံတကာဆက်ဆံရေးအင်စတီကျုတွင် ပညာသင်ကြားကာ နိုင်ငံတကာဆက်ဆံရေးဘာသာရပ်ဖြင့် မဟာဘွဲ့ရရှိခဲ့သည်။ ထို့နောက် ဩစတြေးလျနိုင်ငံ Monash တက္ကသိုလ်တွင် နိုင်ငံတကာလေ့လာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဘာသာရပ်ဖြင့် မဟာဘွဲ့ ထပ်မံရရှိခဲ့သည်။
၎င်းသည် နိုင်ငံခြားရေးနှင့် သံတမန်ရေးရာနယ်ပယ်တွင် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ကုလသမဂ္ဂဆိုင်ရာ လာအိုအမြဲတမ်းကိုယ်စားလှယ်အဖြစ်လည်း တာဝန်ယူခဲ့ဖူးသည်။ ၂၀၁၆ ခုနှစ်တွင် နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရပြီး ၂၀၂၂ ခုနှစ်တွင် ဒုတိယဝန်ကြီးချုပ်အဖြစ် တာဝန်ပေးအပ်ခံခဲ့ရသည်။
ဆာလမ်ဆေးသည် လာအိုဘာသာစကားအပြင် ရုရှား၊ ပြင်သစ်နှင့် အင်္ဂလိပ်ဘာသာစကားများကိုလည်း ပြောဆိုနိုင်ကြောင်း သိရသည်။

image