မူးယစ်သံသရာအတွင်း ပြန်လည်မရောက်ရှိစေရေး သက်မွေးသင်တန်း ၄၆ ကြိမ် ဖွင့်လှစ်ပေးခဲ့
သင်တန်းဆင်း လူငယ် ၄၀၀ အလုပ်အကိုင်ရရှိရေး စီစဉ်ပေးနေ
လမ်းမှားရောက်နေသည့် လေလွင့်လူငယ်များနှင့် မူးယစ်ဆေးစွဲလူငယ်များ မူးယစ်သံသရာအတွင်း ပြန်လည်မရောက်ရှိစေရေးနှင့် လူမှုအသိုင်းအဝိုင်းအတွင်း ပြန်လည်ဝင်ဆံ့နိုင်ရေးအတွက် သက်မွေးပညာသင်တန်း ၄၆ ကြိမ် ဖွင့်လှစ်ပေးနိုင်ခဲ့ကြောင်း လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်သင်းက ပြောကြားသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မူးယစ်ဆေးစွဲလူငယ်များအတွက် ပြန်လည်ထူထောင်ရေးစခန်းများ ဖွင့်လှစ်ကာ ဆေးဖြတ်ကုသပေးခြင်း၊ စိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ပေးခြင်းတို့ ဆောင်ရွက်လျက်ရှိပြီး လူမှုအသိုင်းအဝိုင်းအတွင်း ပြန်လည်ဝင်ဆံ့နိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများက သက်မွေးပညာသင်တန်းများ ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်သည်။
အဆိုပါ သက်မွေးပညာသင်တန်းများမှ သင်တန်းဆင်းလူငယ် ၄၀၀ အား သင့်လျော်သည့် အလုပ်အကိုင်များရရှိနိုင်ရေးအတွက်လည်း စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်သင်းက တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ၁၂ ရက်မြောက်နေ့တွင် သရက်ချောင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းဝင်း၏ လူငယ်များအကြား မျိုးချစ်စိတ်ဓာတ် မြှင့်တင်ရေးနှင့် Auto Repair သင်တန်းကျောင်းများ ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းမှုကို ပြန်လည်ဖြေကြားရာ၌ ယင်းသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ထို့ပြင် လူငယ်များအကြား ဘာသာရေးနှင့် ယဉ်ကျေးမှုအခြေပြု မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေးအတွက် ၂၀၂၅ ခုနှစ် စက်တင်ဘာလမှ ၂၀၂၆ ခုနှစ် ဩဂုတ်လအထိ အသိပညာပေးဟောပြောပွဲနှင့် လူငယ်စကားဝိုင်း ၂၀၄ ကြိမ်၊ လူငယ်ဖိုရမ်တစ်ကြိမ် ကျင်းပခဲ့ပြီး လူငယ်စုစုပေါင်း ၄၇,၁၁၉ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
လူငယ်များ အလုပ်အကိုင်နှင့် လုပ်ငန်းခွင်အတွေ့အကြုံများ ရရှိစေရေးအတွက် မြန်မာနိုင်ငံလူငယ်များဖွံ့ဖြိုးတိုးတက်ရေးအသင်း၊ လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်းတို့နှင့် ပူးပေါင်း၍ Job Ready Skills Workshop နှင့် Career and Opportunity Fair များ ကျင်းပခြင်း၊ လုပ်ငန်းခွင်အတွေ့အကြုံရရှိစေရန် Internship အခွင့်အလမ်းများ ဖန်တီးပေးခြင်းတို့ကိုလည်း ဆောင်ရွက်လျက်ရှိသည်။
ဆက်လက်၍ လူငယ်များ အသက်မွေးဝမ်းကျောင်းပညာရပ်များကို လက်လှမ်းမီသင်ယူနိုင်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေး၊ သာတူညီမျှအခွင့်အရေးနှင့် လုပ်ငန်းခွင်အတွင်း စိတ်ချလုံခြုံမှုရှိစေရေးတို့အတွက် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီဝင် ဆက်စပ်ဝန်ကြီးဌာနများ၊ အသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။