ပြည်သူ့ဆေးရုံများတွင် Hospital Information System ဆောင်ရွက်နေပြီ
ပြည်သူ့ဆေးရုံများတွင် ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ပူးပေါင်း၍ Hospital Information System (HIS) ကို ဆောင်ရွက်နေပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ပြောကြားသည်။
ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်များတွင် Digital နှင့် e-Government လုပ်ငန်းစဉ်များ အကောင်အထည်ဖော်နိုင်ရေး ညှိနှိုင်းအစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီးက ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ကျန်းမာရေးကဏ္ဍ၏ ဒစ်ဂျစ်တယ်စနစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူ့ဆေးရုံများတွင် Hospital Information System ကို ဆောင်ရွက်နေသည့်အပြင် ဆေးရုံကြီးများတွင် Telemedicine System ကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) တွင် e-Submission နှင့် Digital Payment System များကိုလည်း ဆောင်ရွက်လျက်ရှိသည်။
ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်များအနေဖြင့် Digital Student Information Management System ကို တက္ကသိုလ်အားလုံး အသုံးပြုနိုင်သည့် Common Digital Platform တစ်ခုဖြစ်လာစေရေး ဆောင်ရွက်ရန်နှင့် Data Security ပိုင်းကိုလည်း အဆင့်မြှင့်တင်ရန် လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
အဆိုပါအစည်းအဝေးသို့ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဆေးတက္ကသိုလ်များ၊ ဆေးပညာနှီးနွှယ်တက္ကသိုလ်များမှ ပညာရပ်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။