ဝေဖန်မှုတွေ ရှိနေပေမယ့် ပုဂံမှာ မီးပုံးပျံလွှတ်တင်မယ့် အစီအစဉ်မပျက်

လာမယ့် သီတင်းကျွတ်ပွဲတော် ကာလမှာ ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်း မီးပုံးပျံ အလုံးရေ သုံးသောင်း လွှတ်တင်မယ့် အစီအစဉ်ကို ဝေဖန်မှုတွေကြားကနေ ဆက်လက် အကောင်အထည် ဖော်သွားမှာဖြစ်ပြီး အန္တရာယ်အကင်းဆုံးနဲ့ စိတ်အချရဆုံးဖြစ်အောင် စီမံ ဆောင်ရွက်နေတယ်လို့ “မဟာသီယံ” ရိုးရာထိန်းသိမ်းမှုအဖွဲ့ ဥက္ကဋ္ဌ ဦးအေးမင်းရှိန်က ပြောပါတယ်။
မီးပုံးပျံတွေကို နေရာသုံးနေရာခွဲပြီး အောက်တိုဘာ ၂၅ ၊ ၂၆ ၊ ၂၇ ရက်နေ့တွေမှာ လွှတ်တင်သွားမှာဖြစ်ကာ ဒီပွဲတော် ပြုလုပ်ရတဲ့ အဓိက ရည်ရွယ်ချက်ကတော့ သီတင်းကျွတ် ပွဲတော်ကြီးကို မြန်မာ့ရိုးရာ ယဉ်ကျေးမှု ဖော်ထုတ်ဖို့နဲ့ ကောလာဟလတွေကြောင့် ကျဆင်းသွားတဲ့ ပုဂံဒေသရဲ့ ခရီးသွားလုပ်ငန်းကို ပြန်လည် အသက်သွင်းဖို့ ဖြစ်တယ်လို့ ဦးအေးမင်းရှိန်က ပြောပါတယ်။
လက်ရှိမှာ ကြိုတင်စမ်းသပ်မှုတွေ ဆောင်ရွက်နေသလို ပွဲတော်ရက်တွေအတွက် လုံခြုံရေး Buffer Zone သတ်မှတ်တာအပြင် သတ်မှတ် အလုံးရေအတိုင်း အန္တရာယ်ကင်းကင်း လွှတ်တင်နိုင်ဖို့ သက်ဆိုင်ရာ ပညာရှင်တွေနဲ့ အစည်းအဝေးပြုလုပ် ဆုံးဖြတ်ပြီး ဖြစ်တယ်လို့ ဦးအေးမင်းရှိန်က ပြောပါတယ်။
“မီးပုံးပျံလွှတ်တင်မှုနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ ရှိကြတာကို နားလည်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ စမ်းသပ်လွှတ်တင်တဲ့ ကာလတလျှောက်လုံးမှာ သက်ဆိုင်ရာ အဖွဲ့အစည်းတွေ၊ ရှေးဟောင်းသုတေသန ပညာရှင်တွေနဲ့ ပူးပေါင်းပြီး ဝေဟင်ကနေ ဒရုန်းတွေနဲ့ ကင်းထောက်တာ၊ ပျံသန်းရာ လမ်းကြောင်းနောက်ကို အနီးကပ် လိုက်ပါစောင့်ကြပ်တာတွေကို စနစ်တကျ ပြုလုပ်ခဲ့တာပါ” လို့ သူက ပြောပါတယ်။
ပွဲတော်ကာလအတွက် လွှတ်တင်မယ့် မီးပုံးပျံအမျိုးအစားနဲ့ အရွယ်အစားကို သီးသန့် ရွေးချယ်ထားတာဖြစ်ကာ မီးပုံးပျံ လွှတ်တင်ဖို့ နေရာနဲ့ အရေအတွက်၊ အမျိုးအစားကို ရှေးဟောင်း ထိန်းသိမ်းရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ သန့်ရှင်းရေးနဲ့ မီးဘေးအန္တရာယ် ကင်းဝေးရေး အဖွဲ့အစည်းတွေက သတ်မှတ်ပေးပြီး ဖြစ်တယ်လို့ သူက ပြောပါတယ်။
လာမယ့်ရက်တွေမှာလည်း လက်တွေ့ကွင်းဆင်း လေ့ကျင့်တာတွေကို ဆက်လက် ပြုလုပ်သွားမှာဖြစ်သလို အခုလို စမ်းသပ်ကာလအပြင် ပွဲတော်ကာလမှာ မီးပုံးပျံ လွှတ်တင်ချိန်မှာလည်း မြေပြင်မှာ စောင့်ကြည့်အဖွဲ့တွေ ရှိနေမှာဖြစ်ကာ ဝေဟင်ကနေလည်း ဒရုန်းတွေ တောက်လျှောက် လိုက်ပါနေမှာဖြစ်တယ်လို့ သူက ပြောပါတယ်။
“အခု စမ်းသပ်လွှတ်တင်နေတဲ့ မီးပုံးပျံတွေက ကျွန်တော်တို့ တကယ်လွှတ်မယ့် မီးပုံးပျံတွေ မဟုတ်ပါဘူး။ အန္တရာယ်အကင်းဆုံး မီးပုံးပျံကို လွှတ်မှာပါ။ ကျွန်တော်တို့ သတ်မှတ်ထားတဲ့ မီးပုံးပျံနဲ့ သတ်မှတ်ထားတဲ့ အရေအတွက်တော့ ရှိတယ်။ ဒါပေမယ့် အခုအချိန်မှာ လွှတ်မယ့်အမျိုးအစားနဲ့ ပုံစံကို ပြောလိုက်တာနဲ့ တခြားလူတွေက လိုက်ဝယ်ပြီး လွှတ်ကြတော့မှာ။ အဲဒီအခါကျရင် ပွဲတော်ကနေလွှတ်တဲ့ မီးပုံးပျံတွေနဲ့ ရောပြီး ထိန်းချုပ်မှုမရှိတဲ့ တခြား မီးပုံးပျံတွေက ကျွန်တော်တို့ဆီကိုလာပြီး ဆိုးကျိုး ရှိလာနိုင်တဲ့အတွက် အမျိုးအစားနဲ့ ပုံစံကို မပြောသေးတာပါ။ ပုံစံတူတွေ လိုက်လုပ်မှာစိုးလို့ပါ” လို့ သူက ပြောပါတယ်။

image