6 ရက် - ဘာသာပြန်ပါ။

မိုးကောင်းမြို့နယ်၊ ဆားမှော်တိုက်နယ်ဆေးရုံ ၂ လအတွင်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆရာဝန်အမြန်ဆုံး တာဝန်ချထားမည်

မိုးကောင်းမြို့နယ်၊ ဆားမှော်တိုက်နယ်ဆေးရုံ ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆရာဝန်တစ်ဦးအား နှစ်လအတွင်း အမြန်ဆုံး တာဝန်ပေးအပ်နိုင်ရန် စီစဉ်ဆောင်ရွက်ပေးမည်ဟု ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းက ပြောကြားသည်။

ဆားမှော်တိုက်နယ်ဆေးရုံတွင် လိုအပ်သည့် ကျန်းမာရေးဝန်ထမ်းများ ပြန်လည်ခန့်ထားပြီး ဆေးရုံပြန်လည်ဖွင့်လှစ်နိုင်ရေး အမြန်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိနှင့်ပတ်သက်ပြီး တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ၁၁ ရက်မြောက်နေ့တွင် မိုးကောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းအောင်က မေးမြန်းခဲ့ခြင်းဖြစ်သည်။

၂၀၂၁ ခုနှစ်ကာလများအတွင်း ဆားမှော်တိုက်နယ်ဆေးရုံမှ ဆရာဝန်နှင့် သူနာပြုဝန်ထမ်းအချို့ CDM ပြုလုပ်သွားသဖြင့် ဆေးရုံပိတ်ထားခဲ့ရပြီး ဒေသခံပြည်သူများ ကျန်းမာရေးစောင့်ရှောက်မှုအတွက် အခက်အခဲများ ကြုံတွေ့ခဲ့ရကြောင်း ဦးထွန်းထွန်းအောင်က ပြောသည်။

၂၀၂၄ ခုနှစ်တွင် ဆရာဝန်အသစ် ပြန်လည်ခန့်ထားပေး၍ ဆေးရုံပြန်လည်ဖွင့်လှစ်နိုင်ခဲ့သော်လည်း ဖွင့်လှစ်ပြီး မကြာမီ ဆရာဝန်မှာ ခြိမ်းခြောက်ခံရသဖြင့် ပြန်လည်ထွက်ခွာသွားခဲ့ကာ ဆေးရုံမှာလည်း ပြန်လည်ပိတ်ထားခဲ့ရပြီး ယနေ့အထိ ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ဆားမှော်ကျေးရွာရှိ ဆေးရုံနှင့် ကိုက် ၅၀၀ ခန့်အကွာတွင် တပ်မတော်တပ်ရင်းတစ်ခု အခြေစိုက်ထားရှိပြီး ကျေးရွာတွင်လည်း ပြည်သူ့စစ်အဖွဲ့ရှိသဖြင့် ဆားမှော်တိုက်နယ်ဆေးရုံအတွက် လိုအပ်သည့် ဆရာဝန်၊ သူနာပြုနှင့် ကျန်းမာရေးဝန်ထမ်းများ ပြန်လည်ခန့်အပ်ကာ ဆေးရုံပြန်လည်ဖွင့်လှစ်နိုင်ရေး အမြန်စီမံဆောင်ရွက်ပေးရန် ဦးထွန်းထွန်းအောင်က တောင်းဆိုမေးမြန်းခဲ့သည်။

ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းက လက်ရှိတွင် မြစ်ကြီးနားဆေးရုံမှ လက်ထောက်ဆရာဝန်တစ်ဦးကို ဆားမှော်တိုက်နယ်ဆေးရုံတွင် တွဲဖက်တာဝန်ထမ်းဆောင်စေခဲ့ကြောင်း ပြောသည်။

သို့သော် အဆိုပါဆရာဝန်မှာ ခြိမ်းခြောက်ခံရမှုကြောင့် ဆားမှော်တိုက်နယ်ဆေးရုံမှ မိုးကောင်းပြည်သူ့ဆေးရုံသို့ ပြောင်းရွှေ့တွဲဖက်တာဝန်ထမ်းဆောင်စေခဲ့ရကြောင်း ၎င်းက ဆိုသည်။

အဆိုပါဆရာဝန်မှာ ဆားမှော်တွင် ပြန်လည်တာဝန်ချထားခံရမည်ကို စိုးရိမ်ပူပန်မှုရှိနေဆဲဖြစ်သဖြင့် အခြားလက်ထောက်ဆရာဝန်တစ်ဦးဖြင့် အစားထိုးတာဝန်ပေးအပ်နိုင်ရေး စီစဉ်ထားကြောင်း ဒုတိယဝန်ကြီးက ပြောသည်။

ယခုအခါ ဒေသတည်ငြိမ်အေးချမ်းလာပြီဖြစ်သည့်အတွက် ဆရာဝန်တစ်ဦးအား ဆားမှော်တိုက်နယ်ဆေးရုံတွင် နှစ်လအတွင်း အမြန်ဆုံး တာဝန်ပေးအပ်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။

ဆားမှော်တိုက်နယ်ဆေးရုံသည် ဆားမှော်၊ ကညှင်မြိုင်၊ ကျွန်းသုံးလုံး၊ အင်းပေါင်း၊ ထီးချိုင့်နှင့် တောင်နီကျေးရွာများရှိ ဒေသခံပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုအတွက် အားကိုးအားထားရာ ဆေးရုံတစ်ခုဖြစ်ကြောင်း သိရသည်။

image