သီပေါမြို့နယ် လျှပ်စစ်မီးပြန်လည်ဖြန့်ဖြူးနိုင်ရေးအတွက် မိုင်းရှင်းလင်းရေးအပါအဝင် လုပ်ငန်းများ အားသွန်ခွန်စိုက် ဆောင်ရွက်နေဟု ဆို
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း လျှပ်စစ်မီးပြန်လည်ဖြန့်ဖြူးနိုင်ရေးအတွက် ပျက်စီးနေသည့် လျှပ်စစ်လိုင်းများ ပြန်လည်ပြုပြင်ခြင်း၊ လိုင်းသန့်ရှင်းရေးနှင့် ခွဲရုံများ ပြန်လည်တည်ဆောက်ခြင်းတို့အပြင် မိုင်းရှင်းလင်းရေးလုပ်ငန်းများပါ ဆောင်ရွက်နေရကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောကြားသည်။
လျှပ်စစ်မီးပြန်လည်ဖြန့်ဖြူးပေးနိုင်ရေးအတွက် ပထမဦးစားပေးအနေဖြင့် သီပေါနှင့် ကျောက်မဲကြားရှိ ကျေးရွာများသို့ မီးပြန်လည်ပေးနိုင်ရေး ဆောင်ရွက်နေပြီး ဘော်ကြိုအုပ်စု၊ လောဝ်ခွန်အုပ်စုတို့အပြင် အခြားဒေသများကိုလည်း အဆင့်ဆင့် ဆောင်ရွက်ပေးသွားမည်ဖြစ်သည်ဟုဆိုသည်။
ထို့အပြင် မိုးတေအုပ်စုဘက်တွင် လျှပ်စစ်လိုင်းများ ပြန်လည်ပြုပြင်ရန် နှစ်မိုင်ခန့် လိုင်းလိုက်၍ ဆောင်ရွက်ရမည့်အပြင် မိုင်းရှင်းလင်းရေးလုပ်ငန်းများပါ လုပ်ဆောင်ရန် လိုအပ်နေကြောင်း သိရသည်။
ယင်းနောက် နမ့်လန်နှင့် ဆောင်ကြဲဒေသများတွင်လည်း လျှပ်စစ်မီး ပြန်လည်ရရှိရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး နမ့်လန်ဒေသရှိ မီးလင်းရေးကော်မတီက လျှပ်စစ်လိုင်းသန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ပျက်စီးနေသည့် လျှပ်စစ်လိုင်းများကို လိုက်လံပြုပြင်ခြင်း၊ ခွဲရုံများ ပြန်လည်တည်ဆောက်ခြင်းနှင့် လိုအပ်သည့် မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်နေရသဖြင့် လျှပ်စစ်မီးပြန်လည်ရရှိရန် အချိန်အနည်းငယ်ကြာနိုင်သော်လည်း ယခင်အခြေအနေသို့ ပြန်လည်ရောက်ရှိနိုင်ရေး သက်ဆိုင်ရာအဖွဲ့များက အားသွန်ခွန်စိုက် ဆောင်ရွက်နေကြောင်း ဆိုထားသည်။
ဓာတ်ပုံ-စိုင်းကောင်းသက်စံ