18+ Movie၊ Website နှင့် Game Link များဖြင့် ငွေကြေးလိမ်လည်မှုများရှိလာ၍ သတိထားရန် KBZPay သတိပေး

ငွေကြေးလိမ်လည်သူများသည် နည်းပညာကို အသုံးချကာ လိမ်လည်သည့် နည်းလမ်းအသစ်များကို အသုံးပြုလာပြီး 18+ Movie၊ Website နှင့် Game Link များအပါအဝင် အရင်းအမြစ်မသိရသည့် Link များဖြင့် ဆွဲဆောင်ကာ ငွေကြေးလိမ်လည်ရန် ကြိုးပမ်းမှုများရှိလာသဖြင့် သုံးစွဲသူများ သတိပြုရှောင်ရှားကြရန် KBZPay က အသိပေးထားသည်။

KBZPay ၏ လေ့လာတွေ့ရှိချက်များအရ မသမာသူများသည် ဆန့်ကျင်ဘက်လိင်အပေါ် စိတ်ဝင်စားမှုနှင့် အရွယ်ရောက်သူများ၏ အလိုဆန္ဒတို့ကို အသုံးချကာ လိမ်လည်ရန် ကြိုးပမ်းလာကြောင်း သိရသည်။

ယင်းသို့ လိမ်လည်ရာတွင် အမျိုးသားများကို မိန်းကလေးပုံများအသုံးပြု၍ ဟန်ဆောင်ဆက်သွယ်ခြင်း၊ အမျိုးသမီးများကို ယောကျ်ားလေးပုံများအသုံးပြု၍ ဟန်ဆောင်ဆက်သွယ်ခြင်းတို့ ပြုလုပ်ကာ 18+ Movie နှင့် Website များ ကြည့်ရှုရန် ဖိတ်ခေါ်ခြင်း၊ 18+ Character များပါဝင်သည့် Game များ ဆော့ကစားရန် Download Link များ ပေးပို့ခြင်းတို့ဖြင့် ဆွဲဆောင်လိမ်လည်ရန် ကြိုးပမ်းကြောင်း ဖော်ပြထားသည်။

ထို့ပြင် မြန်မာနိုင်ငံတွင် VPN အသုံးပြုမှုများရှိနေခြင်းကို အသုံးချ၍ Proxy Software ပုံစံကဲ့သို့ အတုအပပြုလုပ်ကာ Download ပြုလုပ်ရန်အတွက် အရင်းအမြစ်မသိရသည့် Fake Link များ ပေးပို့ခြင်းဖြင့်လည်း လိမ်လည်ရန် ကြိုးပမ်းလာကြောင်း KBZPay က သတိပေးထားသည်။

အဆိုပါ Link များကို ဝင်ရောက်မိပါက AnyDesk App များကဲ့သို့ မသမာသူများ ပေးပို့ထားသည့် Link အတွင်း ဝင်ရောက်ပြီး ဖုန်း၏ Setting Permission ပေးခြင်း၊ Verification Code ထပ်မံရယူခြင်းတို့ ပြုလုပ်ရန်မလိုဘဲ Link အတွင်း ဝင်ရောက်ပြီးသည်နှင့် ဖုန်းကို အပြည့်အဝ ထိန်းချုပ်ခံရနိုင်ကြောင်း အသိပေးထားသည်။

ယင်းသို့ ထိန်းချုပ်ခံရပါက မိုဘိုင်းဖုန်းတွင် အသုံးပြုသည့် အချက်အလက်များကို မသမာသူများက သိရှိနိုင်ပြီး Mobile Wallet နှင့် Mobile Banking အကောင့်များအတွင်းရှိ ငွေကြေးများကိုလည်း အချိန်မရွေး ရယူသွားနိုင်သည့် အန္တရာယ်ရှိကြောင်း သိရသည်။

ထို့ကြောင့် မရင်းနှီးသည့် Link များကို လုံးဝဝင်ရောက်ခြင်းမပြုရန်၊ လူမှုကွန်ရက်များပေါ်ရှိ လိင်ပိုင်းဆိုင်ရာအသားပေး ဆွဲဆောင်ထားသည့် တရားမဝင် Website၊ Movie Site၊ Game၊ Download Link၊ VPN Link နှင့် App Download Link များကို အလွယ်တကူ ဝင်ရောက်ခြင်းနှင့် Download ပြုလုပ်ခြင်းများ မပြုရန် KBZPay က တိုက်တွန်းထားသည်။

Application များ Download ပြုလုပ်လိုပါကလည်း တရားဝင် App Store များမှသာ ရယူအသုံးပြုရန် KBZPay က အသိပေးထားသည်။

image