လျှပ်စစ်ဓာတ်အား အလှည့်ကျစနစ်ဖြင့် အောက်တိုဘာ ၅ ရက်မှ စတင် ဖြန့်ဖြူးပေးမည်ဖြစ်ကြောင်း ထုတ်ပြန်
ပြင်းထန်သည့် အယ်လ်နီညို ရာသီဥတု ဖြစ်စဉ်ကြောင့် အပူချိန်များ မြင့်တက်ကာ လျှပ်စစ်ဓာတ်အား လိုအပ်ချက် ပိုမိုမြင့်မားလာသည့်အတွက် အလှည့်ကျစနစ်ဖြင့် ဝန်အားထိန်းညှိ ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက အောက်တိုဘာ ၄ ရက်တွင် သတင်းထုတ်ပြန်သည်။
လက်ရှိတွင် မုတ်သုံလေ ဆုတ်ခွာပြီး ပွင့်လင်းရာသီသို့ ရောက်ရှိလာခြင်း၊ ပြင်းထန်သည့် အယ်လ်နီညို ဖြစ်စဉ်ကြောင့် အပူချိန်သိသာစွာ မြင့်တက်လာခြင်းတို့ကြောင့် လျှပ်စစ်ဓာတ်အား သုံးစွဲမှု ပိုမိုမြင့်မားလျက်ရှိသည်။
ထို့ကြောင့် လာမည့် ၂၀၂၇ ခုနှစ် မိုးရာသီကာလအထိ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများ၏ ရေလှောင်တမံများတွင် ရေခန်းခြောက်မှု မရှိစေရန်အတွက် ထိန်းညှိထုတ်လုပ်ပေးသွားမည် ဖြစ်သည်။
ထို့ပြင် ဆိုလာနှင့် ရေအားလျှပ်စစ် စီမံကိန်းအသစ်များ လုပ်ဆောင်ခြင်း၊ ပျက်စီးနေသည့် ဓာတ်အားပေးစနစ်များ ပြန်လည်ပြင်ဆင်ခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိသည်။
ထုတ်လုပ်နိုင်မှုနှင့် သုံးစွဲမှု မမျှတပါက တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဓာတ်အားစနစ် ပြတ်တောက်ခြင်း (System Breakdown) ဖြစ်ပေါ်နိုင်သဖြင့် ဝန်အားထိန်းညှိခြင်းကို အနည်းဆုံးပမာဏဖြင့် မလွှဲမရှောင်သာ ဆောင်ရွက်ရခြင်းဖြစ်သည်။
အဆိုပါ အလှည့်ကျစနစ်ဖြင့် ဓာတ်အားထိန်းညှိ ဖြန့်ဖြူးသည့် အစီအစဉ်ကို ၂၀၂၆ ခုနှစ်၊ အောက်တိုဘာ ၅ ရက်မှစတင်၍ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။