၂၀၂၆ အာရှအားကစားပြိုင်ပွဲဝင် မြန်မာအားကစားအဖွဲ့ ရွှေ (၂) ၊ ငွေ (၁)၊ ကြေး (၂) ရရှိ
အကြိမ် (၂၀)မြောက် ၂၀၂၆ အာရှအားကစားပြိုင်ပွဲဝင် မြန်မာအားကစားအဖွဲ့ ဟာ ပြိုင်ပွဲအပြီးမှာ ရွှေတံဆိပ် (၂) ခု၊ ငွေ တံဆိပ် (၁) ခု၊ ကြေးတံဆိပ် (၂) ခု ဆွတ်ခူးရရှိခဲ့ကြောင်း သိရပါတယ်။
အကြိမ် (၂၀)မြောက် ၂၀၂၆ အာရှ အားကစားပြိုင်ပွဲကို ဂျပန်နိုင်ငံရှိ အီချီနဲ့ နာဂိုယာမြို့တို့မှာ စက်တင်ဘာ ၁၉ ရက်ကနေ အောက်တိုဘာ ၄ ရက်အထိ ကျင်းပပြုလုပ်ခဲ့ပါတယ်။ မြန်မာအား ကစားအဖွဲ့အနေနဲ့ ၂၀၂၆ အာရှအားကစားပြိုင်ပွဲမှာ ဘောလုံး၊ တက်ရှ်ဘော၊ ပိုက်ကျော်ခြင်း၊ ကျွမ်းဘား၊ Esports အားကစားနည်း (၅)မျိုးကနေ အုပ်ချုပ်သူ၊ နည်းပြနဲ့ အားကစားသမားစုစုပေါင်း (၈၄)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရပါတယ်။
တက်ရှ်ဘောအားကစားနည်းကို မြန်မာတက်ရှ်ဘော အားကစားအဖွဲ့က အမျိုးအစားသုံးမျိုးနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အမျိုးအစားသုံးမျိုး စလုံးကနေ ရွှေ၊ ငွေ၊ ကြေးဆုတံဆိပ်များ ရယူနိုင်ခဲ့ကြောင်း သိရပါတယ်။ မြန်မာတက်ရှ်ဘော အားကစားအဖွဲ့အတွက် ရွှေတံဆိပ်ဆုကို အမျိုးသမီးတစ်ဦးချင်းကနေ ခင်နှင်းဝေ၊ ငွေတံဆိပ်ဆုကို အမျိုးသမီးနှစ်ယောက်တွဲကနေ ဆုမွန်အောင်နဲ့ ဖြူဖြူသန်း၊ ကြေးတံဆိပ်ဆုကို အမျိုးသားတစ်ဦးချင်းကနေ စောဖရိုက်ဒေးက ရယူပေးခဲ့ကြကြောင်း သိရပါတယ်။ Esports အားကစားနည်းကို မြန်မာအားကစားအဖွဲ့က အမျိုးအစားလေးမျိုးနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး MLBB အမျိုးအစားကနေ ရွှေတံဆိပ်ဆုရယူပေးခဲ့ပါတယ်။
ပိုက်ကျော်ခြင်း အားကစားနည်းကို မြန်မာပိုက်ကျော်ခြင်းအားကစားအဖွဲ့က အမျိုးအစားသုံးမျိုး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အမျိုးသားလေးယောက်တွဲ အမျိုးအစားကနေကြေးတံဆိပ်ဆုတစ်ခုရယူပေးနိုင်ခဲ့ပါတယ်။ မြန်မာပိုက်ကျော်ခြင်း အားကစားအဖွဲ့အနေနဲ့ ၂၀၂၆ အာရှအားကစား ပြိုင်ပွဲကနေ ပိုက်ကျော်ခြင်း အားကစားနည်းကို အမျိုးသမီးနှစ်ယောက်တွဲ၊ အမျိုးသားသုံး ယောက်တွဲနဲ့ အမျိုးသားလေးယောက်တွဲ အမျိုးအစားသုံးမျိုး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရပါတယ်။
မြန်မာအားကစားအဖွဲ့အနေနဲ့ ဘောလုံးအားကစားနည်းကနေ အမျိုးသမီးဘောလုံးအသင်းသာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့ပြီး အမျိုးသားဘောလုံးအသင်းကတော့ ၂၀၂၆ အာရှဖလား ယူ-၂၃ ဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲမအောင်မြင်ခဲ့ပါဘူး။
မြန်မာအမျိုးသမီးအသင်းဟာ ၂၀၂၆ အာရှအားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံးပြိုင်ပွဲမှာ အုပ်စု အဆင့်ကနေ ထွက်ခဲ့ရပါတယ်။ ကျွမ်းဘားအားကစားနည်းကို မြန်မာအမျိုးသမီး ကျွမ်းဘားမယ် ပန်းအိဖြူတစ်ဦးတည်း ဝင်ရောက်ယှဉ်ပြိုင် ခဲ့ပြီး အမျိုးသမီးတစ်ဦးချင်း Artistic ပြိုင်ပွဲမှာ အဆင့် (၂၃)သာ ရရှိခဲ့ကြောင်း သိရပါတယ်။
Photos: MOSA