၂၀၂၆ အာရှအားကစားပြိုင်ပွဲ ကျင်းပပြီးစီး
ဂျပန်နိုင်ငံ၊ အိုင်ချီနဲ့ နာဂိုယာမြို့တွေမှာ ကျင်းပခဲ့တဲ့ ၂၀၂၆ အာရှအားကစားပြိုင်ပွဲကတော့ ပိတ်ပွဲအခမ်းအနားနဲ့အတူ ကျင်းပပြီးစီးခဲ့ပါတယ်။
မြန်မာအားကစားအဖွဲ့ဟာ ရွှေ ၂ ခု၊ ငွေ ၁ ခု၊ ကြေး ၂ ခုနဲ့ နိုင်ငံအလိုက် အဆင့် ၂၄ နေရာမှာ ရပ်တည်ခဲ့ပါတယ်။
မြန်မာအားကစားအဖွဲ့အနေနဲ့ အခုပြိုင်ပွဲမှာ အမျိုးသမီးဘောလုံး၊ ကျွမ်းဘား၊ ပိုက်ကျော်ခြင်း၊ Esports နဲ့ Teqball စတဲ့ အားကစားနည်းငါးမျိုးသာ ယှဉ်ပြိုင်ခဲ့တာပါ။
Teqball ကနေ ရွှေ ၁ ခု၊ ငွေ ၁ ခု၊ ကြေး ၁ ခု ဆွတ်ခူးခဲ့ပြီး Esports ဖြစ်တဲ့ Mobile Legends: Bang Bang ကနေ ရွှေ ၁ ခု၊ ပိုက်ကျော်ခြင်းကနေ ကြေး ၁ ခု ရရှိခဲ့ပါတယ်။
နိုင်ငံအလိုက် ဆုတံဆိပ်ရရှိမှုဇယားမှာ တရုတ်က ရွှေ ၁၆၉ ခု၊ ငွေ ၈၉ ခု၊ ကြေး ၈၃ ခုနဲ့ စုစုပေါင်း ၃၄၁ ခုရရှိကာ ထိပ်ဆုံးမှာ ရပ်တည်ခဲ့ပါတယ်။
အိမ်ရှင် ဂျပန်က ရွှေ ၈၃ ခု၊ ငွေ ၉၅ ခု၊ ကြေး ၉၁ ခုနဲ့ ဒုတိယ၊ တောင်ကိုရီးယားက ရွှေ ၃၉ ခု၊ ငွေ ၄၃ ခု၊ ကြေး ၆၈ ခုနဲ့ တတိယ ရရှိခဲ့ပါတယ်။
အာဆီယံနိုင်ငံတွေထဲ မြန်မာအထက်မှာ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နဲ့ စင်ကာပူတို့ ရှိနေခဲ့တာဖြစ်တယ်။
၂၀၃၀ ပြိုင်ပွဲကိုတော့ ကာတာနိုင်ငံ၊ ဒိုဟာမြို့မှာ ကျင်းပမှာဖြစ်ပါတယ်။