အင်ဒိုသမ္မတက နိုင်ငံခြားရေးဝန်ကြီးအသစ် ခန့်အပ်
ဘဏ္ဍာရေးဝန်ကြီးရာထူးမှ နုတ်ထွက်သွားပြီး နှစ်ပတ်အကြာ အောက်တိုဘာလ ၁ ရက်နေ့တွင် ပြုလုပ်ခဲ့သော အစိုးရအဖွဲ့ အပြောင်းအလဲ၌ အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီယန်တိုသည် နိုင်ငံခြားရေးဝန်ကြီး ဆူဂီအိုနိုနေရာတွင် သံတမန် လောကသားတစ်ဦးကို အစားထိုးခန့်အပ်ခဲ့ပြီး အဓိက စီးပွားရေးဆိုင်ရာဝန်ကြီးဌာနများကိုလည်း ပြန်လည်ပြင်ဆင်ဖွဲ့စည်းခဲ့သည်။
ယခင်က နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဝါရင့် သံတမန် အာမန်နာသာ ခရစ်တီယာဝမ် နာဆီယာသည် သမ္မတ၏ ရင်းနှီးသော နိုင်ငံရေးလက်ထောက်တစ်ဦးဖြစ်သူ ဆူဂီအိုနို၏ နေရာကို ဆက်ခံမည်ဖြစ်သည်။ ၎င်းသည် ဂျကာတာမြို့ရှိ သမ္မတအိမ်တော်တွင် ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။
တစ်ချိန်တည်းမှာပင် ဆူဂီအိုနိုကို လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ယဉ်ကျေးမှု ရေးရာ ညှိနှိုင်းရေးဝန်ကြီးအဖြစ် ပြောင်းလဲတာဝန်ပေးအပ်မည်ဖြစ်သည်။ လက်ရှိအာဏာရ Gerindra ပါတီ၏ အထွေထွေအတွင်းရေးမှူးအဖြစ်လည်း တာဝန်ထမ်းဆောင်နေသည့် ဆူဂီအိုနိုသည် သမ္မတဟောင်း ဂျိုကိုဝီဒိုဒို၏ ရင်းနှီးသော နိုင်ငံရေး မဟာမိတ်ပရာတစ်နို၏ နေရာကို ဆက်ခံခြင်းဖြစ်သည်။
ချက်ချင်း စတင် အကျိုး သက်ရောက်မည့် အဆိုပါပြောင်းလဲမှု ၁၅ ခုတွင် ညှိနှိုင်းရေးဝန်ကြီး သုံးဦး၊ ဝန်ကြီး နှစ်ဦး၊ ဒုတိယဝန်ကြီး ငါးဦး၊ ဌာနဆိုင်ရာ အကြီးအကဲ နှစ်ဦး၊ ဌာနဆိုင်ရာ ဒုတိယအကြီးအကဲ နှစ်ဦးနှင့် နိုင်ငံတော်ရဲတပ်ဖွဲ့အကြီးအကဲတို့ ပါဝင်သည်။
အခြားသော ပြောင်းလဲမှုများအနေဖြင့် မူဟာမက် ဆာမူဂျီသည် အာဂပ်စ် ဂူမီဝမ် ကာတာဆက်မီတာ၏ နေရာတွင် စက်မှုဝန်ကြီးအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။ ထို့အပြင် နိုင်ငံတော် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဌာနအကြီးအကဲ ရဲချုပ် ဆူယူဒီ အာရီယို ဆက်တိုသည် သမ္မတရုံးဦးစီးအရာရှိချုပ်အဖြစ် တာဝန်ယူမည့် ရဲချုပ် လီစတီယို ဆီဂစ် ပရာဘိုဝို၏ နေရာတွင် နိုင်ငံ၏ ရဲတပ်ဖွဲ့အကြီးအကဲအဖြစ် တာဝန်ယူမည်ဖြစ်သည်။
အရှေ့အလယ်ပိုင်းဒေသရှိ ပဋိပက္ခများနှင့် အခြားသော နိုင်ငံတကာ နိုင်ငံရေးဆိုင်ရာ တင်းမာမှုများကြောင့် ဖြစ်ပေါ်လာသည့် စီးပွားရေးဆိုင်ရာ စိန်ခေါ်မှုများ တိုးပွားလာချိန်တွင် ယခုကဲ့သို့ အစိုးရအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
ထို့အပြင် ဂျကာတာ၏ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ လုပ်ဆောင်ချက်များနှင့် ပတ်သက်၍ ပြည်တွင်း၌ ဝေဖန်စိစစ်မှုများရှိနေချိန်တွင် ဤပြင်ဆင်ဖွဲ့စည်းမှုများ ပေါ်ပေါက်လာခြင်းလည်းဖြစ်သည်။ ယခုနှစ်အစောပိုင်းက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်၏ ငြိမ်းချမ်းရေးဘုတ်အဖွဲ့ အစီအစဉ်တွင် ပါဝင်ရန် ပရာဘိုဝို၏ ဆုံးဖြတ်ချက်သည် အင်ဒိုနီးရှားနိုင်ငံအတွင်း အချို့သော အသိုင်းအဝိုင်းများ၏ ဝေဖန်မှုကို ခံခဲ့ရပြီး အထူးသဖြင့် ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် အမေရိကနှင့် အစ္စရေးတို့က အီရန်နိုင်ငံကို တိုက်ခိုက်မှုများ ကို ပြုလုပ်ခဲ့ပြီးနောက်ပိုင်းတွင် ဝေဖန်မှုများ ပိုမိုများပြားလာခဲ့သည်။
Ref: သယ်စထရိတ်တိုင်းမ်စ်