ဆိုဟိုနိုက်ကလပ် ထိုးကြိတ်မှုနှင့်ပတ်သက်ပြီး အိုင်ဗန်တိုနေး ငြင်းဆိုလာ
အင်္ဂလန်တိုက်စစ်မှူးအိုင်ဗန်တိုနေးက လန်ဒန်မြို့လည်ခေါင် နိုက်ကလပ်တစ်ခုတွင် လူတစ်ဦးအား ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာရရှိအောင် ထိုးကြိတ်မှု စွပ်စွဲချက်နှင့်ပတ်သက်ပြီး အပြစ်မရှိကြောင်း ငြင်းဆိုလိုက်ပါတယ်။
နော်သမ်တန်ဖွား အသက် ၃၀ နှစ်ရှိ ဘောလုံးကစားသမားဟာ ဒီဇင်ဘာလ ၆ ရက်နေ့တုန်းက ဆိုဟို၊ ဝါဒေါ်လမ်းရှိ နိုက်ကလပ်တစ်ခုတွင် ဆာဘာဒါဆေးလ်ဗားအား ခေါင်းဖြင့် ဆောင့်တိုက်ခဲ့အပြင် ထိုးကြိတ်ခဲ့တယ်လို့ စွပ်စွဲခြင်းခံထားရပါတယ်။
အိုင်ဗန်တိုနေးဟာ Westminster Magistrates' Court တွင် ပြုလုပ်တဲ့ အမှုကြားနာစစ်ဆေးမှုတွင် အမည်နှင့် အသက်အား အတည်ပြုသွားခဲ့ပေမယ့်လည်း ၎င်းအပေါ် စွပ်စွဲမှုအပေါ် ငြင်းဆိုထားပါတယ်။
ခရိုင်တရားသူကြီးဘိုင်ရိုနီကလပ်ခ်က အမှုကို မက်ဂျစ်ထရီတရားရုံးတွင် ကြားနာစစ်ဆေးနိုင်တယ်လို့ ဆိုပေမယ့် အိုင်ဗန်တိုနေးက တရားသူကြီးတစ်ဦးနှင့် ဂျူရီတို့ရှေ့မှောက်တွင် စစ်ဆေးမှု ခံယူရန် ရွေးချယ်ခဲ့ပါတယ်။
သူဟာ အောက်တိုဘာလ ၂၉ ရက်နေ့ Southwark Crown Court ကြားနာစစ်ဆေးမှုအထိ အာမခံ ရရှိထားပါတယ်။
အင်္ဂလန်အတွက် ၁၀ ပွဲကစားထားတဲ့ အိုင်ဗန်တိုနေးဟာ လက်ရှိအချိန်တွင် ဆော်ဒီကလပ် Al-Ahli တွင် ကစားနေသူ ဖြစ်ပါတယ်။