5 ရက် - ဘာသာပြန်ပါ။

မလှိုင်မြို့နယ်မှာ အမွှာညီအစ်ကိုနှစ်ယောက်အပါအဝင် အမျိုးသားသုံးယောက် ရေနစ်သေဆုံး

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်၊ ထန်းပင်ကန်ကျေးရွာအုပ်စု၊ ညောင်ပင်တဲကျေးရွာက ကျောက်စီရေကန်မှာ အမွှာညီအစ်ကိုနှစ်ယောက် အပါအဝင် အမျိုးသားသုံးယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

မနေ့က စက်တင်ဘာ ၃၀ ရက်နေ့ ညနေပိုင်း ၅ နာရီလောက်မှာ ရေကန်အတွင်း ရေဆင်းချိုးရာကနေ ရေနစ်မြုပ်သေဆုံးခဲ့တာဖြစ်ပြီး အမွှာညီအစ်ကိုနှစ်ယောက်က အသက် ၂၆ နှစ် ၊ ကျန်တဲ့အမျိုးသားက ၂၈ နှစ် ဖြစ်ပါတယ်။

" တယောက်ကအရင်ရေနစ်တာ ။အဲဒါကို လိုက်ကယ်ရင်းကနေ နောက်နှစ်ယောက်ထပ်နစ်တာ။ ရေနစ်တယ်ဆိုပြီး ရွာကိုလည်း ဖုန်းဆက်ပြောသေးတယ်။ ပြီးတော့လိုက်ကယ်တာ အကုန်ရေနစ်ဆုံးသွားတယ်။ " လို့ မလှိုင်မြို့နယ် မီးသတ်ဦးစီးမှူးက ပြောပါတယ်။

သေဆုံးအမျိုးသားသုံးယောက်လုံးဟာ ညောင်ပင်တဲရွာသားတွေဖြစ်ပြီး လက်ရှိမှာ အလောင်းကို မလှိုင်ဆေးရုံပို့ထားတယ်လို့ သိရပါတယ်။

စက်တင်ဘာ ၂၁ရက်ကလည်း ရန်ကုန်တိုင်း၊ ရန်ကင်းမြို့နယ်၊ (၁၁)ရပ်ကွက်၊ ညောင်ပင်သာလမ်းရှိ အုတ်စီကန်(သဘာဝရေကန်)မှာ အမျိုးသားနှစ်ယောက်ရေနစ်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

စက်တင်ဘာ ၆ ရက်ကလည်း ကချင်ပြည်နယ် ၊ မြစ်ကြီးနားမြို့နယ် ၊ ရွှေစက်ရပ်ကွက်၊ ဧရာ၀တီမြစ်အတွင်းမှာ ၁၃ နှစ်အရွယ်မိန်းကလေးနှစ်ယောက် ရေနစ်သေဆုံးခဲ့ပါတယ်။

မန္တလေးတိုင်း၊ တံတားဦးမြို့နယ်၊ ပန်းယျကျေးရွာ၊ ပန်းလောင်မြစ်အတွင်းမှာလည်း မနေ့က စက်တင်ဘာ ၆ ရက်မှာ အမျိုးသားတယောက်ရေဆင်းကူးရာကနေ ရေနစ်သေဆုံးခဲ့ပါတယ်။

စက်တင်ဘာ ၅ ရက်ကလည်း မန္တလေးတိုင်း ၊ကျောက်ဆည်မြို့၊ မင်းရဲဆည် ဇော်ဂျီမြစ်အတွင်း ရေဆင်းချိုးတဲ့ အမျိုးသားတယောက် ရေနစ်သေဆုံးခဲ့ပါတယ်။

နေပြည်တော် ၊ တပ်ကုန်းမြို့နယ်ထဲမှာလည်း စက်တင်ဘာ ၄ ရက်နေ့က သပြေချောင်းကျေးရွာအုပ်စု ၊ဂွေးခါးတောင်‌အနီးရှိ သဘာဝရေကန်မှာ ရေဆင်းကူးတဲ့ G12 အောင်မြင်ထားတဲ့ အသက် ၁၉ နှစ်အရွယ် အမျိုးသမီးနှစ်ယောက် ရေနစ် သေဆုံးခဲ့ပါတယ် ။

ဓာတ်ပုံ - မီးသတ်

image