၂၀၁၂ ပရီးမီးယားလိဂ်ချန်ပီယံ ဆုတံဆိပ် ရရှိရင် လက်ခံမှာမဟုတ်ကြောင်း ရွန်နီ ပြောကြား

မန်ယူနိုက်တက်တိုက်စစ်မှူးဟောင်း ဝိန်းရွန်နီက ၂၀၁၂ ပရီးမီးယားလိဂ်ချန်ပီယံ ဆုတံဆိပ် ရရှိရင် လက်ခံမှာမဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။
ရွန်နီက မန်စီးတီးအနေနဲ့ ချန်ပီယံဆုဖလား ရုပ်သိမ်းခံခဲ့ရရင်လည်း မန်ယူနိုက်တက်အသင်းအတွက် ထိုက်တန်မှုမရှိလို့ သုံးသပ်ခဲ့ပါတယ်။
''အရိုးသားဆုံးပြောရရင် အခြားပရီးမီးယားလိဂ်ချန်ပီယံဆုတံဆိပ်တစ်ခု လက်ခံဖို့ ကျွန်တော် စိတ်မသက်မသာ ဖြစ်မိမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ ဒီအရာနဲ့ ထိုက်တန်တယ် မထင်လို့ပါ။ ကျွန်တော်တို့အနေနဲ့ အဲဒီရာသီမှာ
အမှတ်ပေးချန်ပီယံဖြစ်လောက်တဲ့ လုံလောက်တဲ့စွမ်းဆောင်ရည်မျိုး မရှိခဲ့ပါဘူး''လို့ ရွန်နီက ပြောခဲ့ပါတယ်။
ကလပ်အသင်းဖော်ဟောင်းတွေဖြစ်တဲ့ ရီယိုဖာဒီနန်နဲ့ ဒီဟေးယားတို့က မန်စီးတီးရဲ့ချန်ပီယံဆုကို လွှဲပြောင်းရယူသင့်တယ်လို့ ပြောနေချိန်မှာ ရွန်နီက အခုလို မှတ်ချက်ပြုခဲ့တာဖြစ်တယ်။
၂၀၁၁-၁၂ ရာသီမှာ မန်စီးတီးနဲ့ မန်ယူနိုက်တက်အသင်းတို့ အမှတ်တူခဲ့ပြီး မန်စီးတီးက ဂိုးကွာခြားချက်အသာနဲ့ ဗိုလ်စွဲခဲ့တာဖြစ်တယ်။
ရာသီပိတ်ပွဲစဉ်က ဒရာမာဆန်ခဲ့ပြီး မန်စီးတီးအသင်းက QPR ကို ၁-၂ ဂိုးနဲ့ အိမ်ကွင်းမှာ အရေးနိမ့်နေခဲ့ပေမဲ့ နာကျင်အချိန်ပိုမှာ အနိုင်ဂိုး နှစ်ဂိုးဆက်သွင်းပြီး ဗိုလ်စွဲခဲ့ပါတယ်။

image