1 ပတ် - ဘာသာပြန်ပါ။

စမ်းချောင်းရှိ ဟိုတယ်တစ်ခု ဓာတ်အားခိုးယူသုံးစွဲမှုဖြင့် အရေးယူ၊ နစ်နာဓာတ်အားခ ကျပ် ၁၃၈ သန်းကျော် ပြန်လည်ပေးသွင်းရမည်

ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ သီရိခေမာရပ်ကွက်ရှိ ရွိင်ရယ်ခတ္တာဟိုတယ်တွင် လျှပ်စစ်ဓာတ်အား တရားမဝင်ခိုးယူသုံးစွဲထားမှု စစ်ဆေးတွေ့ရှိခဲ့သဖြင့် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နေပြီး နိုင်ငံတော်က နစ်နာဆုံးရှုံးခဲ့သည့် ဓာတ်အားခ ကျပ် ၁၃၈ ဒသမ ၂၃၆ သန်းကျော်ကို ပြန်လည်ပေးသွင်းရမည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

စက်တင်ဘာ ၂၄ ရက်က အဆိုပါဟိုတယ်ကို ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) ရုံးချုပ်၊ ခရိုင်နှင့် မြို့နယ်တို့မှ တာဝန်ရှိသူများပါဝင်သည့် ပူးပေါင်းအဖွဲ့က ကွင်းဆင်းစစ်ဆေးခဲ့ရာ ဓာတ်အားတရားမဝင်ခိုးယူသုံးစွဲထားမှုကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ယင်းသို့ စစ်ဆေးတွေ့ရှိခဲ့သဖြင့် ဟိုတယ်၏ လျှပ်စစ်မီတာကို ချက်ချင်းဖြုတ်ယူသိမ်းဆည်းခဲ့ပြီး နစ်နာဆုံးရှုံးခဲ့သည့် ဓာတ်အားခ ကျပ် ၁၃၈ ဒသမ ၂၃၆ သန်းကျော် ပြန်လည်ပေးသွင်းစေရေး ဆောင်ရွက်ထားသည်။

ထို့ပြင် ဟိုတယ်ပိုင်ရှင်နှင့် မန်နေဂျာတို့ကို လျှပ်စစ်ဥပဒေနှင့်အညီ အရေးယူနိုင်ရေး စမ်းချောင်းမြို့မရဲစခန်း၌ အမှုအမှတ် (ပ-၃၉၉/၂၀၂၆) ဖြင့် အမှုဖွင့်ထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက တရားမဝင်ဓာတ်အားသုံးစွဲမှုများကို စဉ်ဆက်မပြတ် စောင့်ကြည့်စစ်ဆေးလျက်ရှိပြီး Control Center များတွင် နည်းပညာပိုင်းဆိုင်ရာ အဆင့်မြှင့်တင်ထားမှုကြောင့် ဓာတ်အားခိုးယူသုံးစွဲမှုများကို ပိုမိုဖော်ထုတ်နိုင်လာကြောင်း သိရသည်။

ပြည်သူများအနေဖြင့် လျှပ်စစ်ဓာတ်အားကို စည်းကမ်းတကျသုံးစွဲကြရန်နှင့် တရားမဝင်ဓာတ်အားခိုးယူသုံးစွဲမှုများ တွေ့ရှိပါက သက်ဆိုင်ရာ Call Center များသို့ ဆက်သွယ်သတင်းပေးကြရန်လည်း ဝန်ကြီးဌာနက အသိပေးထားသည်။

image