သီပေါတံတားပေါ် ခြေလျင်ဖြတ်သန်းခွင့် စိစစ်ခွင့်ပြုနေလို့ ခရီးသွားတွေ အခက်တွေ့

ရှမ်းပြည်မြောက်ပိုင်း၊ သီပေါတံတားပေါ်ကနေ ခရီးသည်တွေ ခြေလျင်ဖြတ်သန်းခွင့် ထပ်ပိတ်ထားလို့ ခရီးသွားတွေ အခက်အခဲဖြစ်နေရတယ်လို့ ကိုယ်တိုင်ကြုံ ခဲ့သူတွေဆီက သိရပါတယ်။

လုံခြုံရေးကြောင့်ဆိုပြီး အခုလ ၁၄ ရက်နေ့ကတည်းက သီပေါတံတားကနေ ခရီးသည်တွေ ခြေလျင်ဖြတ်သန်းသွားလာခွင့် ပိတ်ထားတာလို့ သီပေါမြို့ခံတွေ ကလည်း ပြောပါတယ်။

မြို့အနီးအနားက ရွာခံတွေနဲ့ မျက်စိလာကုတဲ့ ဝေဒနာရှင်တွေလောက်ပဲ တံတားကနေ ဖြတ်ခွင့်ရပြီး ကျန်ခရီးသွားတွေကိုတော့ ဖြတ်သန်းခွင့် ပိတ်ထားတယ်လို့ သိရပါတယ်။

“အစကပြောတာ တပတ်လောက်ပဲ လုံခြုံရေးကြောင့် ခဏပိတ်တာလို့ ပြောတယ်။ အခုကျတော့ ဖွင့်ကို မဖွင့်တော့တာ။ အနီးအနားရွာတွေက လူတွေတော့ သူတို့စစ်ဆေးပြီး သွားခွင့်ပေးတယ်” လို့ သီပေါမြို့ခံ အမျိုးသားတယောက်က ပြောပါတယ်။

တံတားပိတ်ထားတာကြောင့် ခရီးသွားအများစုဟာ စက်လှေဂိတ်တွေကနေပဲ ဖြတ်သန်းနေကြရတယ်လို့ ခရီးသွားတွေဆီကနေ သိရပါတယ်။

“အခုရက်ပိုင်း ရေက ပြန်တက်နေတယ်။ စက်လှေတွေကလည်း လူရော ပစ္စည်းရော တင်တာ မနည်းဘူး။ အန္တရာယ်များလွန်းတယ်” လို့ ခရီးသွား တယောက်က ပြောပါတယ်။

တံတားပိတ်ထားလို့ စက်လှေဂိတ်တွေမှာ လူတွေနဲ့ ကုန်စည်တွေ ပြည့်ကျပ် နေပြီး တခါတရံမှာ မြို့ထဲအထိ ယာဉ်ကြောပိတ်ဆို့တာတွေ ဖြစ်နေတယ်လို့ သိရပါတယ်။

“ရဲစခန်းရှေ့ကနေ စက်လှေဂိတ်အထိ အဝင်အထွက်တွေ ပိတ်ကျပ်နေတာ။ တော်တော်နဲ့ ထွက်ဖို့ မလွယ်ဘူး။ တံတားကနေ လူတွေ ဖြတ်ခွင့်ပေးလိုက်ရင် ဒီလောက်မဆိုးဘူး။ တံတားပိတ်ထားတော့ အကုန်ဒီမှာ လာစုကုန်တာ” လို့ ခရီးသွားကားဆရာတယောက်က ပြောပါတယ်။

ပြီးခဲ့တဲ့လတွေကတော့ တံတားပေါ်ကနေ ခရီးသွားတွေကို ကုန်ပစ္စည်းမပါရင် ခြေလျင်ဖြတ်သန်းခွင့် ပေးခဲ့ပါတယ်။ ဒါပေမယ့် အခုလ ၁၄ ရက်နေ့ကစပြီး တံတားကနေ လူဖြတ်သန်းခွင့်ကို ပြန်ပိတ်ခဲ့တာလို့ ဒေသခံတွေက ပြောပါ တယ်။

၁၂၀၇ တိုက်ပွဲကာလအတွင်း TNLA တပ်ဖွဲ့ သိမ်းပိုက်ခဲ့တဲ့ သီပေါမြို့ကို အစိုးရတပ်က ပြန်လည်သိမ်းပိုက်ခဲ့ပြီး သီပေါတံတားအထိ ထိန်းချုပ်နိုင်ခဲ့ပါတယ်။

အဲဒီနောက်မှာ လုံခြုံရေးအရဆိုပြီး သီပေါတံတားကို အစိုးရဘက်က ပိတ်ထား တာ တနှစ်နီးပါးရှိနေပြီ ဖြစ်ပါတယ်။

အစိုးရဘက်ကတော့ သီပေါမြို့ပတ်ဝန်းကျင်မှာ MNDAA နဲ့ TNLA တပ်ဖွဲ့တွေ ရှိတာကြောင့် လုံခြုံရေးအရ တံတားကို ပိတ်ထားတာလို့ လွှတ်တော်မှာ ဖြေ ကြားခဲ့ဖူးပါတယ်။

ဒါပေမယ့် လက်ရှိမှာ TNLA နဲ့ MNDAA နှစ်ဖွဲ့လုံးဟာ အစိုးရနဲ့ နေပြည် တော် မှာ ငြိမ်းချမ်းရေးဆွေးနွေးခဲ့ပြီး တိုက်ပွဲတွေလည်း ဖြစ်တာမရှိ တော့တာကြောင့် သီပေါတံတားကနေ ခရီးသွားကားတွေ ပြန်လည်ဖြတ် သန်းခွင့် ရဖို့ ရှမ်းမြောက်ဒေသခံတွေနဲ့ ခရီးသွားတွေ၊ ကုန်သည်တွေက မျှော်လင့်နေကြပါတယ်။

image