တရုတ်ရေတပ်၏ (၄၈) ကြိမ်မြောက် ရေကြောင်းစောင့်ရှောက်ရေး ရေယာဉ်အုပ်စု မြန်မာနိုင်ငံသို့ (၅) ရက်ကြာ ချစ်ကြည်ရေးခရီး ရောက်ရှိ

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ရေတပ်၏ (၄၈) ကြိမ်မြောက် ရေကြောင်းစောင့်ရှောက်ရေး ရေယာဉ်အုပ်စုသည် မြန်မာနိုင်ငံသို့ (၅) ရက်ကြာ ချစ်ကြည်ရေးခရီးစဉ်အဖြစ် စက်တင်ဘာ ၂၄ ရက် မွန်းလွဲ ၂ နာရီခန့်က ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာခဲ့သည်။

အဆိုပါ ရေယာဉ်အုပ်စုတွင် ပဲ့ထိန်းဒုံးကျည်တပ် ဖျက်သင်္ဘော Tangshan (ထန်ဆန်း)၊ ပဲ့ထိန်းဒုံးကျည်တပ် ဖရီးဂိတ်စစ်သင်္ဘော Daqing (တာ့ချင့်) နှင့် ဘက်စုံထောက်ပံ့ရေးသင်္ဘော Taihu (ထိုက်ဟူ) တို့ ပါဝင်သည်။

ရေယာဉ်အုပ်စု ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိချိန်တွင် မြန်မာဘက်မှ စစ်ဘက်နှင့် အစိုးရတာဝန်ရှိသူများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ တာဝန်ရှိသူများ၊ တရုတ်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အဖွဲ့အစည်းများနှင့် တရုတ်နွယ်ဖွားအသိုင်းအဝိုင်းမှ ကိုယ်စားလှယ်များအပါအဝင် လူပေါင်း ၃၀၀ ကျော်က ကြိုဆိုခဲ့ကြသည်။

ခရီးစဉ်အတွင်း ရေယာဉ်အုပ်စု၏ တာဝန်ရှိသူများက မြန်မာဘက်မှ စစ်ဘက်နှင့် အစိုးရတာဝန်ရှိသူများနှင့် တွေ့ဆုံသွားမည်ဖြစ်ပြီး နှစ်ဖက်အကြား ကျွမ်းကျင်မှုဆိုင်ရာ ဖလှယ်မှုများ၊ စစ်ရေယာဉ်များ အပြန်အလှန်လေ့လာမှု၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာ ဖလှယ်မှုများအပြင် သင်္ဘောကုန်းပတ် ဧည့်ခံပွဲများကိုလည်း ပြုလုပ်သွားမည်ဖြစ်သည်။

အဆိုပါ (၄၈) ကြိမ်မြောက် ရေကြောင်းစောင့်ရှောက်ရေး ရေယာဉ်အုပ်စုသည် ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၁ ရက်တွင် တရုတ်နိုင်ငံ ရှန်တုန်းပြည်နယ် ချင်းတောင်မြို့ရှိ စစ်ဆိပ်ကမ်းမှ ထွက်ခွာကာ အေဒင်ပင်လယ်ကွေ့နှင့် ဆိုမာလီယာကမ်းလွန်ရေပြင်တို့တွင် ရေကြောင်းစောင့်ရှောက်ရေးတာဝန်များ ထမ်းဆောင်ခဲ့သည့် ရေယာဉ်အုပ်စုဖြစ်သည်။

image