ငြိမ်းချမ်းရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဖော်ဆောင်နိုင်ရန် သက်ဆိုင်သူအားလုံး၏ သဘောထားကြီးမှု အရေးကြီးဟု MNTJP/MNDAA တာဝန်ရှိသူ ပြော

ငြိမ်းချမ်းရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်နိုင်ရန် သက်ဆိုင်သူအားလုံး၏ သဘောထားကြီးမှုသည် အရေးကြီးကြောင်း MNTJP/MNDAA မှ MNTJP ပေါ်လစ်ဗျူရို၊ အထွေထွေအတွင်းရေးမှူး (၂)၊ ဆက်ဆံရေးဌာန ဌာနမှူး ဦးဖုန်ဝင်းနိုင်က ပြောကြားသည်။

စက်တင်ဘာ ၂၄ ရက် နံနက်ပိုင်းက နေပြည်တော်တွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် MNTJP/MNDAA ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးစဉ် ၎င်းက ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ဦးဖုန်ဝင်းနိုင်က အားလုံးပါဝင်နိုင်ပြီး လွတ်လပ်ကာ ကြိုတင်ကန့်သတ်ချက်မထားသည့် ပုံစံဖြင့် ငြိမ်းချမ်းရေးဖော်ဆောင်သည့် လမ်းကြောင်းကို ကြိုဆိုကြောင်း၊ ငြိမ်းချမ်းရေးသည် ပြည်သူလူထုတစ်ရပ်လုံး၏ ဘုံရည်မှန်းချက်ဖြစ်ပြီး နိုင်ငံတည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ အေးချမ်းသာယာစွာ နေထိုင်နိုင်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်ကြောင်း ပြောကြားသည်။

ကာလရှည်ကြာ ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် ပြည်သူများ ထိခိုက်နစ်နာခဲ့ရကြောင်း၊ ထို့ကြောင့် ငြိမ်းချမ်းရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်နိုင်ရန် သက်ဆိုင်သူအားလုံး၏ သဘောထားကြီးမှုသည် အရေးကြီးကြောင်း ၎င်းက ပြောသည်။

လက်ရှိရရှိထားသည့် ငြိမ်းချမ်းရေးနှင့် ဒေသတည်ငြိမ်အေးချမ်းရေးကို အလေးထားထိန်းသိမ်းကာ တွေ့ဆုံဆွေးနွေးသည့်နည်းလမ်းဖြင့် အမြင်ကွဲလွဲမှုများကို ဖြေရှင်းရန်၊ အပြန်အလှန်ယုံကြည်မှုကို တည်ဆောက်မြှင့်တင်ရန်နှင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်အေးချမ်းရေး ဖော်ဆောင်နိုင်မည့် အခွင့်အလမ်းများကို ရှာဖွေဖန်တီးရန် လိုအပ်ကြောင်းလည်း ပြောကြားသည်။

ထို့ပြင် ပြည်ထောင်စုမပြိုကွဲရေးနှင့် တိုင်းရင်းသားတန်းတူညီမျှရေးဟူသည့် နိုင်ငံရေးရပ်တည်ချက်အပေါ် ခိုင်မာစွာရပ်တည်ပြီး တိုင်းရင်းသားအားလုံး တည်ငြိမ်အေးချမ်းစွာ ပူးပေါင်းနေထိုင်နိုင်သည့် စစ်မှန်သော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အထူးဒေသတည်ထောင်ရေးကို ဆက်လက်ကိုင်စွဲထားကြောင်း ပြောကြားခဲ့သည်။ ယင်းရပ်တည်ချက်ကို NSPNC ဘက်မှ ထုတ်ပြန်သည့် အစည်းအဝေးအကြောင်းအရာတွင်လည်း ဖော်ပြထားသည်။

MNTJP/MNDAA အနေဖြင့် ငြိမ်းချမ်းသောနည်းလမ်းဖြင့် ဒေသတည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုဖူလုံရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ တည်ငြိမ်အေးချမ်းသည့် ပတ်ဝန်းကျင်ကောင်း ဖော်ဆောင်နိုင်ရေးကို လိုလားပြီး နိုင်ငံတော်အကျိုးဖြစ်ထွန်းမည့် စီမံကိန်းများကို အားပေးထောက်ခံကြောင်း ဦးဖုန်ဝင်းနိုင်က ပြောကြားခဲ့သည်။

image