ပတ်စ်ပို့ သက်တမ်းတိုးရာမှာ အခွန် သုံးနှစ်စာ တပြိုင်တည်းပေးရလို့ ပြည်ပရောက်မြန်မာတွေ အခက်တွေ့

နိုင်ငံကူးလက်မှတ် (Passport) သက်တမ်းတိုးရာမှာ သုံးနှစ်စာ ဝင်ငွေခွန်ကို တပြိုင်တည်း မဖြစ်မနေ ပေးဆောင်နေရတဲ့အတွက် အခြေခံလစာ နည်းပါးသူတွေအတွက် ငွေကြေးအကျပ်အတည်း ဖြစ်စေပြီး အခက်တွေ့နေရတယ်လို့ ပြည်ပရောက် မြန်မာရွှေ့ပြောင်း လုပ်သားတွေက ပြောပါတယ်။

ပြည်ပရောက် မြန်မာလုပ်သားတွေရဲ့ ပြည်ပဝင်ငွေအပေါ် ၂ ရာခိုင်နှုန်း အခွန်ကောက်ခံတဲ့စနစ်ကို အစိုးရက ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှစတင်ကာ အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံကူးလက်မှတ် သက်တမ်းတိုးရာမှာ အခွန်ပေးဆောင်ထားကြောင်း အထောက်အထားပြဖို့ကိုလည်း သတ်မှတ်ထားပါတယ်။

အဲဒီအခွန်စနစ်အရ ပြည်ပရှိ မြန်မာသံရုံးတွေမှာ နိုင်ငံအလိုက် သတ်မှတ်ထားတဲ့ အခြေခံလစာအပေါ် မူတည်ကာ အခွန် ၂ ရာခိုင်နှုန်းကို ကောက်ခံနေပြီး ၂၀၂၃ ခုနှစ်မှ ၂၀၂၆ ခုနှစ်အထိ သုံးနှစ်စာ အခွန်ကျသင့်ငွေကို ပတ်စ်ပို့ သက်တမ်းတိုးချိန်မှာ တပြိုင်တည်း ပေးဆောင်နေရတာ ဖြစ်ပါတယ်။

“ပတ်စ်ပို့စာအုပ်ဖိုး၊ အခွန်ငွေ၊ ပွဲစားခ၊ ဗီဇာပြောင်းတာတွေနဲ့ပါ အကုန် ပေါင်းလိုက်မယ်ဆို ကုန်ကျစရိတ်က ဘတ် တသောင်းကျော်၊ မြန်မာငွေနဲ့တွက်မယ်ဆို ၂၅ သိန်းကျော်အထိရှိတယ်။ လစာနည်းတဲ့ အခြေခံ အလုပ်သမားတွေဆို ကိုယ့်အတွက် အသုံးစရိတ်ဖယ်ရတာရယ်၊ အိမ်ကို ပြန်ပို့ရတာရယ်ဆို လစာ သုံး/လေးလလောက် စုဆောင်းရမယ့် ပမာဏ ဖြစ်နေတယ်” လို့ ထိုင်းနိုင်ငံရောက် မြန်မာလုပ်သား တယောက်က ပြောပါတယ်။

သုံးနှစ်အတွင်းမှာ အလုပ်အကိုင် အတည်တကျ မရှိတဲ့ မြန်မာလုပ်သားတွေလည်း ရှိနေပြီး အကြောင်းမဲ့ အလုပ်ထုတ်ခံရလို့ လနဲ့ချီ အလုပ်လက်မဲ့ ဖြစ်နေသူတွေလည်း ရှိတယ်လို့ သိရပါတယ်။

“စင်ကာပူမှာလည်း အတူတူပါပဲ။ သုံးနှစ်စာ အခွန်ဆောင်ခဲ့ရတယ်။ လုပ်ငန်းရှင်လည်း မဟုတ်ပါဘဲ အလုပ်သမား တယောက်က ကိုယ့်ချွေးနည်းစာနဲ့ စုဆောင်းပြီး ဆောင်ရတာ။ တွက်ကြည့်တာ မြန်မာငွေ ၁၂ သိန်းလောက် ကုန်ကျတယ်” လို့ ရွှေ့ပြောင်းလုပ်သား တယောက်က ပြောပါတယ်။

ဒါအပြင် မလေးရှားနိုင်ငံမှာလည်း အခွန် သုံးနှစ်စာအတွက် ရင်းဂစ်ငွေ ၁၀၈၀ ကို မဖြစ်မနေ ကောက်ခံနေပြီး ပတ်စ်ပို့ သက်တမ်းတိုးခနဲ့ ဝန်ဆောင်ခ၊ စာအုပ်ဖိုး၊ ဒဏ်ကြေး၊ လမ်းစရိတ်တွေအကုန် စုပေါင်းပါက မြန်မာငွေ သိန်း ၂၀ ဝန်းကျင်အထိ ကုန်ကျစရိတ် ရှိနေတယ်လို့ သိရပါတယ်။

“ပါမစ်ရှိသူတွေက စာအုပ်ကြေးနဲ့ ဝန်ဆောင်ခ၊ ကုန်ကျစရိတ် စုစုပေါင်း ရင်းဂစ် ၁၂၉၀ လောက် ရှိမယ်။ ပါမစ် မရှိသူတွေဆို ဒဏ်ကြေးပါအပါ ရင်းဂစ် ၁၇၇၀ လောက် ရှိမယ်။ ကိုယ့်လက်ထဲ ပိုက်ဆံမလောက်ရင် ချေးငှားပြီး လုပ်ရတယ်။ အခု မလေးရှားမှာကလည်း အဖမ်းအဆီးတွေ များနေတော့ အလုပ်ကို ပုံမှန်မလုပ်နိုင်ဘူး။ ဒီကြားထဲ သက်တမ်းတိုးနိုင်ဖို့ကို အခွန် သုံးနှစ်စာဆိုတော့ အကုန်လုံး ငွေကြေးအကြပ်အတည်း ဖြစ်ကုန်ကြတယ်။ ဒီလို တလုံးတခဲတည်း ပေးရတာ တော်တော်ကို အဆင်မပြေဘူး” လို့ မလေးရှားရောက် မြန်မာလုပ်သား တယောက်က ပြောပါတယ်။

အခွန်မဆောင်နိုင်လို့ ပတ်စ်ပို့ သက်တမ်းတိုးဖို့ ကြန့်ကြာနေသူတွေဟာ နေထိုင်ခွင့်ဗီဇာနဲ့ အလုပ်လုပ်ကိုင်ခွင့်လက်မှတ် (Work Permit) သက်တမ်းတွေ ကုန်ဆုံးကာ ၎င်းတို့ ရောက်ရှိနေတဲ့ နိုင်ငံတွေမှာ တရားမဝင် နေထိုင်သူတွေ ဖြစ်သွားနိုင်တဲ့အရေးနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

အခုလို နိုင်ငံကူးလက်မှတ် သက်တမ်းတိုးအတွက် ကုန်ကျငွေ များပြားလာခြင်းဟာ မိသားစုထံ ပြန်လည်ပေးပို့ရတဲ့ ငွေကြေးပမာဏကိုပါ ရိုက်ခတ်မှုတွေ ရှိလာတဲ့အတွက် အခွန်ကောက်ခံမှု စနစ်ကို ဖြေလျော့ပေးဖို့ (ဒါမှမဟုတ်) ပိုမိုသက်သာ အဆင်ပြေစေမယ့် နည်းလမ်းကို ပြောင်းလဲပေးဖို့ ပြည်ပရောက် လုပ်သားတွေက လိုလားနေကြပါတယ်။

image