ဂျပန်ရောက် မြန်မာများ ကောင်စစ်ဝန်ဆောင်မှု လျှောက်ထားရာတွင် မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်း မိတ္တူ မပါပါက လက်ခံမည်မဟုတ်
ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများအနေဖြင့် ကောင်စစ်ဆိုင်ရာကိစ္စရပ်များ လျှောက်ထားရာတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား မိတ္တူနှင့် အိမ်ထောင်စုစာရင်း မိတ္တူတို့ကို မဖြစ်မနေ ပူးတွဲတင်ပြရမည်ဖြစ်ပြီး အဆိုပါ မိတ္တူများ မပါရှိပါက လက်ခံဆောင်ရွက်ပေးမည်မဟုတ်ကြောင်း ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ မြန်မာသံရုံးက စက်တင်ဘာ ၂၄ ရက်တွင် အသိပေးထုတ်ပြန်သည်။
မြန်မာသံရုံး (တိုကျို) အနေဖြင့် ဂျပန်နိုင်ငံ၌ ရောက်ရှိနေထိုင်၍ အလုပ်လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသားများ၏ ကောင်စစ်ဆိုင်ရာ လျှောက်လွှာများကို လူကိုယ်တိုင်ဖြစ်စေ၊ စာတိုက်မှတစ်ဆင့်ဖြစ်စေ လက်ခံဆောင်ရွက်ပေးလျက်ရှိသည်။
ကောင်စစ်ဆိုင်ရာကိစ္စရပ်များ လျှောက်ထားရာတွင် လိုအပ်သည့် အချက်အလက်များ ပြည့်စုံစေရန် လျှောက်ထားသူ ကာယကံရှင်၏ နိုင်ငံသားစိစစ်ရေးကတ်ပြား မိတ္တူနှင့် အိမ်ထောင်စုစာရင်း မိတ္တူတို့ကို မဖြစ်မနေ ပူးတွဲတင်ပြရမည်ဖြစ်ကြောင်း သံရုံးက အသိပေးထားသည်။
အထူးသဖြင့် စာတိုက်မှတစ်ဆင့် လျှောက်ထားသူများအနေဖြင့် အဆိုပါ မိတ္တူများကို ပူးတွဲပေးပို့ခြင်းမရှိပါက အချက်အလက်မပြည့်စုံသည့် လျှောက်လွှာအဖြစ် သတ်မှတ်မည်ဖြစ်သည်။
ယင်းကဲ့သို့ အချက်အလက်မပြည့်စုံသည့် လျှောက်လွှာများကို သံရုံးက လက်ခံဆောင်ရွက်ပေးမည်မဟုတ်ဘဲ လျှောက်ထားသူထံ ပြန်လည်ပေးပို့သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် အသိပေးထားသည်။