MSMEs များကို ချေးငွေ ကျပ်ဘီလီယံ ၈,၉၀၀ ကျော် ထုတ်ချေးထား

အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း (MSMEs) များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာ့စီးပွားရေးဘဏ်နှင့် ပုဂ္ဂလိကဘဏ် ၁၉ ဘဏ်တို့မှတစ်ဆင့် ထုတ်ချေးပေးထားသည့် ချေးငွေပမာဏမှာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်ကုန်အထိ ကျပ် ၈,၉၇၄ ဒသမ ၂၂ ဘီလီယံ ရှိကြောင်း အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်သန်းက ပြောကြားသည်။

စက်တင်ဘာ ၂၃ ရက်က ကျင်းပသည့် တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး တတိယနေ့တွင် လွှတ်တော်မေးခွန်းများ ပြန်လည်ဖြေကြားရာ၌ MSMEs ကဏ္ဍအတွက် ငွေကြေးနှင့် နည်းပညာပိုင်း ပံ့ပိုးပေးနေမှုများကို ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

MSMEs များအတွက် လိုအပ်သည့် ငွေကြေးရင်းမြစ်များကို JICA ရန်ပုံငွေ၊ MSMEs ရန်ပုံငွေနှင့် ဘဏ်များ၏ ကိုယ်ပိုင်ရန်ပုံငွေများ အသုံးပြု၍ ဘဏ်များမှတစ်ဆင့် ထုတ်ချေးပေးလျက်ရှိသည်။

ထို့ပြင် MSMEs ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေ ကျပ်ဘီလီယံ ၁၅၀ အနက် လုပ်ငန်းရှင် ၂၅၃ ဦးအား ကျပ် ၉,၉၅၅ သန်း ထုတ်ချေးပေးထားပြီးဖြစ်ကြောင်း သိရသည်။

MSMEs များအနေဖြင့် ယှဉ်ပြိုင်နိုင်စွမ်းမြင့်မားသည့် တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးအတွက်လည်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ လုပ်ငန်းရှင် ၃,၁၄၈ ဦး ကို နည်းပညာနှင့် အသိပညာပေးသင်တန်းများ ပံ့ပိုးပေးခဲ့ကြောင်း သိရသည်။

ထို့အတူ MSMEs ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို ပိုမိုအလေးထားဆောင်ရွက်နိုင်ရန် စက်မှုဝန်ကြီးဌာနကို “စက်မှုနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန” အဖြစ် ပြောင်းလဲဖွဲ့စည်းထားပြီး အတိုးနှုန်းသက်သာသည့် ချေးငွေများ၊ နည်းပညာနှင့် လိုအပ်သည့် ပံ့ပိုးမှုများပေးကာ အလုပ်အကိုင်အခွင့်အလမ်းသစ်များ ဖန်တီးပေးလျက်ရှိကြောင်း သိရသည်။

image