တရုတ်နိုင်ငံသားကျားဖြန့် ၆၀ ကျော်ကို ဝ က ဖမ်းဆီးပြီး တရုတ်ဘက် ပြန်ပို့

ဝပြည် ဒေသ အတွင်း ဖမ်းဆီးရမိတဲ့ တရုတ်နိုင်ငံသား ကျားဖြန့်လုပ်ငန်းနဲ့ ဆက်နွှယ်သူ ၆၄ ဦးကို စက်တင်ဘာ ၂၂ ရက်မှာ တရုတ်ဘက် ပြန်လည်လွှဲပြောင်းပေးခဲ့တယ်လို့ ဝပြည်နယ် တရားရေးကော်မတီက ထုတ်ပြန်ပါတယ်။

"UWSA ထိန်းချုပ်ဒေသ ပန်ဆန်းကနေ ဖမ်းဆီး ထိန်းသိမ်းထားတဲ့ တရုတ်နိုင်ငံသား ကျားဖျန့် အွန်လိုင်း ငွေလိမ် လုပ်ငန်း လုပ်ကိုင်သူ ၆၄ ယောက်ကို မန်ခါး နယ်စပ် ဂိတ် ကနေ တဆင့် ယူနန် အစိုးရဆီ လွှဲပြောင်း ပေးလိုက်တယ်လို့ သိရတယ်" လို့ ဒေသခံ တယောက်က ပြောပါတယ်။

အဲဒီ ၆၄ ဦးထဲမှာ ကျားဖြန့်လုပ်ငန်းနဲ့ ဆက်နွှယ်တယ်လို့ သံသယရှိသူ ၆၃ ဦးနဲ့ အမှုနဲ့ ဆက်နွှယ်သူ တစ်ဦး ပါဝင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သူတို့ဟာ တခြားပြည်ပဒေသတွေကနေ ဝပြည်နယ်အတွင်း ဝင်ရောက်လာပြီး ကျားဖြန့်လုပ်ငန်းတွေ ဆက်လက်လုပ်ကိုင်ဖို့ ကြိုးပမ်းခဲ့တာဖြစ်တယ်လို့ ဝဘက်က ပြောပါတယ်။

"ဖမ်းဆီးတဲ့ နေ့တော့ မသိဘူး။ မနေ့က လွှတ်ပြီး ပြန်ပို့တာပါ" လို့ ဒေသခံ နောက်ထပ် အမျိုးသား တယောက်က ပြောပါတယ်။

ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ တရားရေးအဖွဲ့တွေက သတင်းအချက်အလက် စုဆောင်းစုံစမ်းပြီးနောက် ကျားဖြန့်လုပ်ငန်း လုပ်ကိုင်နေတဲ့ နေရာတွေကို ဝင်ရောက်ဖမ်းဆီးခဲ့ရာ တရုတ်နိုင်ငံသား ၆၃ ဦးကို ဖမ်းဆီးရမိခဲ့ပြီး လုပ်ငန်းမှာ အသုံးပြုတဲ့ ပစ္စည်းတွေကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးရမိသူ ၆၄ ဦးကိုတော့ ယူနန်ပြည်နယ်၊ ပူအာမြို့၊ မန်လျန်ခရိုင် မုန်အာနယ်စပ်ဂိတ်မှာ တရုတ်ဘက်ကို လွှဲပြောင်းပေးခဲ့တာဖြစ်ပါတယ်။

ဝ ဒေသနဲ့ တရုတ်ဘက်အကြား နယ်စပ်ဖြတ်ကျော် ပြစ်မှုတိုက်ဖျက်ရေးနဲ့ ကျားဖြန့်နှိမ်နင်းရေး ပူးပေါင်းဆောင်ရွက်မှုတွေ ဆက်လက်လုပ်ဆောင်နေပြီး ပြစ်မှုတွေကို တင်းတင်းကျပ်ကျပ် နှိမ်နင်းသွားမယ်လို့ ဝပြည်နယ် တရားရေးကော်မတီက ထုတ်ပြန်ထားပါတယ်။

image