ခရီးသွားတဲ့အခါ ရဲစခန်းထောက်ခံစာလိုအပ်ပြီး ဖုန်းထဲမှာဥပဒေနှင့် မညီညွတ်တဲ့ ပုံနဲ့ဗီဒီယိုတွေလည်း မရှိဖို့လိုအပ်ကြောင်း ဘုရားဖူးအသင်းက အသိပေး
ပြည်တွင်း ဘုရားဖူးခရီးသွားဧည့်သည်တွေအနေနဲ့ ခရီးသွားတဲ့အခါ ဖုန်းထဲမှာ ဥပဒေနှင့် မညီညွတ်တဲ့ Photo/Video တွေ မပါရှိစေရေး သတိပြုဖို့ ပြည်တွင်းဘုရားဖူးနှင့်ခရီးသွားဝန်ဆောင်မှုအသင်းက အသိပေး ထုတ်ပြန်ထားပါတယ်။
ဘုရားဖူးကားတွေ ဘေးကင်းလုံခြုံစွာထွက်ခွာနိုင်ဖို့အတွက်ဆိုပြီး အဲဒီအချက်အပါအဝင် လမ်းခရီးစဥ်အတွင်း လိုက်နာရမယ့် အချက်အလက် ကိုးခုကို အသိပေးခဲ့တာ ဖြစ်ပါတယ်။
ခရီးသည်အားလုံး နိုင်ငံသားစိစစ်ရေးကတ် နဲ့ ခရီးသွားထောက်ခံစာ(ရဲစခန်း) ယူဆောင်ခြင်း ၊ Guide တွေအနေနဲ့လည်း လမ်းခရီးစစ်ဆေးရေးအဖွဲ့တွေနဲ့ အဆင်ပြေစွာ ပြောဆိုဆက်ဆံပြီး ပူးပေါင်းဆောင်ရွက်ဖို့ ပြောထားပါတယ် ။
" ဥပဒေနဲ့မလွတ်ကင်းတဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုဆိုတာက ဘယ်လိုဟာကို ပြောတာလည်း မသိဘူး။ ခရီးသွားရတာတောင် ကန့်သတ်ချက်တွေ ထုတ်နေတယ်။ ခရီးသွားဖို့ကို ရဲစခန်းထောက်ခံစာယူရအုံးမယ်ဆိုတာကလည်း ခက်တယ်။ ရပ်ကွက်ထောက်ခံစာလောက်ဆို တော်သေးတယ်။ ဘုရားဖူးကားတွေနဲ့ သွားတယ်ဆိုတာ ပိုပြီး စိတ်ချရမယ်ခံစားရလို့ သွားကြတာပါ ။တကယ်ဆို ဘုရားဖူးကားတွေကို ပိုပြီးအဆင်ပြေအောင် လုပ်ပေးရမှာလို့ မြင်တယ်။ " လို့ ခရီးသွားပြည်သူတယောက်က ပြောပါတယ်။
ပြည်တွင်းဘုရားဖူးနှင့်ခရီးသွားဝန်ဆောင်မှု အသင်း ဝင်တွေအနေနဲ့လည်း အသင်းဝင်ကတ်နှင့် လုပ်ငန်းလိုင်စင်ကို မိတ္တူဆွဲပြီး ထွက်ခွာမယ့် ယာဉ်ပေါ်ယူဆောင်သွားရန် ၊ လုပ်ငန်းရှင်များအားလုံး ဟိုတယ်ခရီးရဲ့ ခရီးလှည့်လည်ရေး လိုင်စင် DPTOA ရဲ့ ထောက်ခံချက် တိုင်းဒေသကြီးမှထုတ်ပေးသောလိုင်စင်ရယူထားရန် အချက်ပါဝင်ပါတယ်။
ဒါအပြင် လုပ်ငန်းလိုင်စင်တွေ (၁-လ/၂-လ)အတွင်းလျှောက်ထားကြရန် နဲ့ ယာဉ်ထွက်ချိန် နံနက်(၅) နာရီနှင့် နောက်ပိုင်းစတင်ထွက်ခွာရန် ၊ စုရပ်ကို ပြန်ရောက်ချိန်နောက်အကျဆုံး ည(၈/၁၀)နာရီ အတွင်းပြန်ရောက်မယ့် အစီအစဉ် ရေးဆွဲစေလွှတ်ဖို့လည်း အသိပေးထားပါတယ်။
ခရီးသည်တွေ အိမ်အပြန်အဆင်ပြေစေရန် Guide တွေမှ Taxi(Grab) ငှားပေးခြင်း ၊ ကားနံပါတ် မှတ်တမ်းတင်ထားရန်နဲ့ ဧည့်သည် အိမ်ရောက်တဲ့အခါ Guide အားဖုန်းပြန်ဆက်ခိုင်းရန် နဲ့ Guide မှ အဆက်အသွယ်ပြန်လုပ်ရန်လည်း အသိပေးထားပါတယ်။
ခရီးသွားစဉ်အတွင်း လမ်းခရီးထူးခြားဖြစ်စဉ်တွေကို အသင်းဝင်ဂိတ်အချင်းချင်း အသိပေးခြင်းနှင့် DPTOA Member Group ထဲစာရေးသားပို့ဖို့ အသင်းက အသိပေးလာတာ ဖြစ်ပါတယ်။
ဒီကိစ္စ နဲ့ပတ်သက်ပြီး ခရီးသွားလုပ်ငန်းရှင်တယောက်က " ဒါကတော့ ခရီးစဥ်အဆင်ပြေပြေ ဖြစ်အောင်ရည်ရွယ်ချက်နဲ့ လုပ်တယ်လို့ မြင်ပါတယ်။ ကိုယ့်ဘက်က လိုအပ်တဲ့စာရွက်စာတမ်းပြည့်စုံထားမယ်၊ လမ်းပိုင်း စစ်ဆေး ရေးရှိရင်လည်း ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် မြန်ဆန်တာပေါ့။ ခရီးသွားရာသီကလည်း ရောက်တော့မှာဆိုတော့ အသိပေးတာမျိုးဖြစ်နိုင်ပါတယ်။ " လို့ ပြောပါတယ်။
လက်ရှိမှာ ပြည်တွင်းခရီးစဥ်အဖြစ် ပုဂံ ၊ မန္တလေး ၊ နေပြည်တော်၊ ကျိုက်ထီးရိုးဘုရား ၊ဘားအံ ၊ တောင်ကြီး ၊ အင်းလေး ၊ ကလော ၊ပြင်ဦးလွင်ဒေသ နဲ့ ချောင်းသား၊ ငွေဆောင်ကမ်းခြေဒေသ ကိုသာ အများဆုံးသွားရောက်မှုရှိပြီး မကြာခင်မှာ မိုးကုန်လို့ ဆောင်းရာသီကို ရောက်ပြီး ခရီးသွားရာသီရောက်ပြီဖြစ်ပါတယ်။
ခရီးသွားရာသီရောက်သလို သီတင်းကျွတ်မီးထွန်းပွဲတော်ကာလ၊ တောင်ကြီးတန်ဆောင်တိုင် ၊ ဒီဇင်ဘာကျောင်းပိတ်ရက်လည်း ရှိပြီး အဲဒီကာလတွေမှာ ပြည်တွင်းခရီးသွားတွေ သွားလာမှု အများဆုံးဖြစ်ပါတယ်။