နိုင်ငံ ၁၉ နိုင်ငံပါဝင်သည့် အာဆီယံဦးဆောင် ဘေးအန္တရာယ်တုံ့ပြန်ရေးလေ့ကျင့်မှု အင်ဒိုနီးရှား၌ ပြုလုပ်
စစ်ဘက်နှင့် အရပ်ဘက်ဝန်ထမ်း ၂,၂၀၀ ခန့် ပါဝင်
ကြီးမားသည့် ဘေးအန္တရာယ်များ ဖြစ်ပွားချိန်တွင် ပူးပေါင်းတုံ့ပြန်နိုင်ရေးအတွက် နိုင်ငံပေါင်း ၁၉ နိုင်ငံမှ စစ်ဘက်နှင့် အရပ်ဘက်ဝန်ထမ်း ၂,၂၀၀ ခန့် ပါဝင်သည့် “Trident Resolve” လေ့ကျင့်မှုကို အင်ဒိုနီးရှားနိုင်ငံ၌ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
အဆိုပါလေ့ကျင့်မှုကို စက်တင်ဘာ ၂၀ ရက်မှ ၂၆ ရက်အထိ ကျင်းပနေခြင်းဖြစ်ပြီး အာဆီယံ ၁၁ နိုင်ငံနှင့် မိတ်ဖက်နိုင်ငံများဖြစ်သည့် သြစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ နယူးဇီလန်၊ တောင်ကိုရီးယား၊ ရုရှားနှင့် အမေရိကန်တို့ ပါဝင်ကြသည်။
Trident Resolve သည် အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေး အပေါင်းမိတ်ဖက်နိုင်ငံများ (ADMM-Plus) မူဘောင်အောက်တွင် ဆိုက်ဘာလုံခြုံရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီနှင့် ဘေးအန္တရာယ်ကယ်ဆယ်ရေး (HADR) နှင့် စစ်ဘက်ဆိုင်ရာဆေးပညာ ကျွမ်းကျင်ပညာရှင်လုပ်ငန်းအဖွဲ့ သုံးဖွဲ့ကို ပထမဆုံးအကြိမ် ပေါင်းစည်းပြုလုပ်သည့် ကွင်းဆင်းလေ့ကျင့်မှုဖြစ်သည်။
ပင်လယ်ပြင်နှင့် လေ့ကျင့်ရေးနေရာ ခုနစ်ခုတွင် ရှာဖွေကယ်ဆယ်ရေး၊ ဆေးဘက်ဆိုင်ရာ ရွှေ့ပြောင်းကုသပေးရေး၊ ဓာတု၊ ဇီဝနှင့် ဓာတ်ရောင်ခြည်ဆိုင်ရာ အရေးပေါ်တုံ့ပြန်ရေးနှင့် အခြေခံအဆောက်အအုံ ပြန်လည်ပြုပြင်ရေးတို့ကို လေ့ကျင့်လျက်ရှိသည်။
ယင်းလေ့ကျင့်မှုမှတစ်ဆင့် ကြီးမားသည့် ဘေးအန္တရာယ်များ ဖြစ်ပွားလာချိန်တွင် နိုင်ငံအသီးသီး၏ စစ်ဘက်နှင့် အရပ်ဘက်အဖွဲ့အစည်းများအကြား ပူးပေါင်းတုံ့ပြန်ဆောင်ရွက်နိုင်မှုကို စမ်းသပ်လေ့ကျင့်သွားမည်ဖြစ်ကြောင်း သိရသည်။