NADI အစည်းအဝေး ကမ္ဘောဒီးယား၌ ကျင်းပ၊ အာဆီယံ၏ ဗဟိုချက်ကျမှုနှင့် ဒေသတွင်းလုံခြုံရေး အဓိကဆွေးနွေး
အာဆီယံတစ်ဝှမ်းရှိ ကာကွယ်ရေးနှင့် လုံခြုံရေးသုတေသနအဖွဲ့ ၁၄ ဖွဲ့မှ ကိုယ်စားလှယ် ၅၀ တက်ရောက်
အာဆီယံ ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့အစည်းများကွန်ရက် (Network of ASEAN Defense and Security Institutions-NADI) အစည်းအဝေးကို ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် စက်တင်ဘာ ၂၁ ရက်မှ ၂၄ ရက်အထိ လက်ခံကျင်းပလျက်ရှိကြောင်း သိရသည်။
အစည်းအဝေးသို့ အာဆီယံတစ်ဝှမ်းရှိ ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ သုတေသနအဖွဲ့အစည်း ၁၄ ဖွဲ့မှ ကိုယ်စားလှယ် ၅၀ တက်ရောက်ပြီး လျင်မြန်စွာပြောင်းလဲနေသည့် ပထဝီနိုင်ငံရေးနှင့် လုံခြုံရေးအခြေအနေများကြားတွင် အာဆီယံ၏ ဗဟိုချက်ကျမှုနှင့် စည်းလုံးညီညွတ်မှု ခိုင်မာစေရေး၊ နိုင်ငံတကာဥပဒေကို လေးစားလိုက်နာရေးနှင့် စည်းမျဉ်းအခြေပြု ဒေသတွင်းစနစ် မြှင့်တင်ရေးတို့ကို အဓိကဆွေးနွေးကြသည်။
အစည်းအဝေးကို ကမ္ဘောဒီးယား ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး တီးဆီဟာ၏ အကြံပြုချက်ဖြင့် အာဆီယံနိုင်ငံများမှ ကာကွယ်ရေးမဟာဗျူဟာ သုတေသီများနှင့် ပညာရှင်များအကြား အမြင်ချင်းဖလှယ်ဆွေးနွေးနိုင်ရန် စီစဉ်ကျင်းပခြင်းဖြစ်သည်။
ဖွင့်ပွဲတွင် ကမ္ဘောဒီးယားကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီး ရတ် ဒါရာရော့သ်က ပထဝီနိုင်ငံရေးပြိုင်ဆိုင်မှု၊ တစ်ဖက်သတ်ဆောင်ရွက်မှုများ၊ စီးပွားရေးအရ ဖိအားပေးမှုများနှင့် နိုင်ငံတကာဥပဒေကို လေးစားလိုက်နာရေးဆိုင်ရာ စိန်ခေါ်မှုများ ပိုမိုရှုပ်ထွေးလာနေကြောင်း ပြောကြားခဲ့သည်။
ထို့ကြောင့် အာဆီယံ၏ ဗဟိုချက်ကျမှုနှင့် စည်းလုံးညီညွတ်မှုကို ပိုမိုအားကောင်းစေပြီး ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး ထိန်းသိမ်းနိုင်ရန် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်သင့်ကြောင်း ၎င်းက ပြောသည်။
ဆွေးနွေးပွဲများတွင် ဆိုက်ဘာခြိမ်းခြောက်မှု၊ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှု၊ ရေကြောင်းလုံခြုံရေး၊ သတင်းအမှားပျံ့နှံ့မှုနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်လာမှုတို့ကြောင့် ဖြစ်ပေါ်လာသည့် လုံခြုံရေးစိန်ခေါ်မှုများအပေါ်လည်း အဓိကထား ဆွေးနွေးလျက်ရှိသည်။
NADI အနေဖြင့် အဆိုပါစိန်ခေါ်မှုများကို ရင်ဆိုင်နိုင်ရေးအတွက် မဟာဗျူဟာမြောက် လေ့လာမှုများနှင့် အမြင်များဖလှယ်ကာ အာဆီယံ၏ လုံခြုံရေးဆိုင်ရာ ယန္တရားများ ပိုမိုအားကောင်းစေမည့် လက်တွေ့ကျသော အကြံပြုချက်များ ဖော်ထုတ်သွားရန် ရည်ရွယ်ထားကြောင်း သိရသည်။