မိခင်ဖြစ်သူကြောင့် လီဗာပူးလ်အသင်းကို ရောက်ရှိဖို့ နီးစပ်ခဲ့ဖူးကြောင်း အမ်ဘာပေ ထုတ်ဖော်ပြောကြား
ရီးယဲလ်မက်ဒရစ်အသင်းရဲ့ ပြင်သစ်တိုက်စစ်မှူး အမ်ဘာပေက မိခင်ဖြစ်သူကြောင့် လီဗာပူးလ်အသင်းကို ရောက်ရှိဖို့ နီးစပ်ခဲ့ဖူးကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
အမ်ဘာပေက မိုနာကိုကနေ PSG အသင်းကို မပြောင်းရွှေ့ခင်မှာ လီဗာပူးလ်အသင်းက ခေါ်ယူဖို့ ကြိုးပမ်းခဲ့သလို၊ သူ့ရဲ့ မိခင်ဖြစ်သူကလည်း လီဗာပူးလ်ကို ပြောင်းရွှေ့ဖို့ တိုက်တွန်းခဲ့ကြောင်း သိရပါတယ်။
အဲဒီအချိန်မှာ လီဗာပူးလ်အသင်းကို ကိုင်တွယ်နေတဲ့ ဂျာမန်နည်းပြ ယာဂန်ကလော့ပ်က သီးသန့်လေယာဉ်နဲ့ အင်္ဂလန်ကနေ ပြင်သစ်ကို သွားရောက်ခဲ့ပြီး အမ်ဘာပေရဲ့ မိသားစုနဲ့ ဆွေးနွေးခဲ့ဖူးကြောင်း သိရပါတယ်။
အဲဒီအခြေအနေနဲ့ပတ်သက်ပြီး အမ်ဘာပေကို မေးမြန်းခဲ့ရာမှာ ''ကျွန်တော် နားမထောင်ခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ ပါရီမှာပဲ ကျွန်တော် ကစားချင်တာကြောင့်ပါ။ ကျွန်တော် အရေးပါတဲ့သူတစ်ယောက် မဖြစ်သေးဘဲလည်း နိုင်ငံကနေ မထွက်ခွာချင်ခဲ့ပါဘူး။ ဒါပေမဲ့ ကျွန်တော့်အမေကတော့ လီဗာပူးလ်ကို သွားရမယ်၊ လီဗာပူးလ်မှာ ကစားရမယ်လို့ပဲ အမြဲပြောနေခဲ့တာပါ။ ကျွန်တော် ယာဂန်ကလော့ပ်နဲ့ ဆုံတွေ့ခဲ့ပြီး တကယ်ကောင်းတဲ့ ဆက်ဆံရေးလည်း ရှိခဲ့ပါတယ်။ ကျွန်တော် သူ့ကို လေးစားမှုအများကြီးရှိပါတယ်'' လို့ အမ်ဘာပေက ပြောကြားခဲ့ပါတယ်။
အမ်ဘာပေက ၂၀၁၇ နွေရာသီမှာ မိုနာကိုကနေ PSG အသင်းကို အငှားနဲ့ ပြောင်းရွှေ့ခဲ့ပြီးနောက် ယူရိုသန်း(၁၈၀)နဲ့ အပြီးသတ်စာချုပ်ချုပ်ဆိုခဲ့တာပါ။